![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/images12_0.jpg?itok=8crF89wo)
ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် နှင်းဆီပန်းများ စိုက်ပျိုး ထားရှိသဖြင့် သွားရောက်၍ လေ့လာခဲ့ရာ စိုက်ပျိုးသည့် နှင်းဆီပန်းမျိုးမှာ ကျောက်စိမ်းနီမျိုးဖြစ်ပြီး မိုးဦးကျတွင်စတင်စိုက်ပျိုးကြောင်း သိရပါသည်။
နှင်းဆီပန်းများ စိုက်ပျိုးရာတွင် ပျိုးပင်များကိုသာ စိုက်ပျိုးရပြီး (၀.၂၅)ဧကတွင် နှင်းဆီပင် (၁၀၀၀)ကျော်အထိ စိုက်ပျိုး၍ရကြောင်း သိရပါသည်။ နှင်းဆီပန်းများကို စိုက်ပျိုးပြီး (၂)လအကြာတွင် အပွင့်များပွင့်လာပြီး (၄)လမှ (၅)လအကြာတွင် ရောင်းတန်းဝင်သော နှင်းဆီပန်းများ ရရှိ၍ စတင်ခူးဆွတ်၍ ရောင်းချရကြောင်း သိရပါသည်။ နှင်းဆီပန်းများပွင့်ချိန်တွင် နှင်းဆီပန်းများကို တစ်ရက်ခြား၊ နှစ်ရက်ခြား တစ်ခါခူးဆွတ်၍ ရောင်းချပြီး တစ်ခါခူးလျှင် အပွင့်ရေ (၈၀၀-၁၀၀၀) အထိ ရရှိကြောင်း သိရပါသည်။
နှင်းဆီပင် တစ်ခါစိုက်ပျိုးထားလျှင် (၅)နှစ်မှ (၆)နှစ် အထိခူးယူ၍ ရောင်းချရကြောင်း သိရပါသည်။ ထွက်ရှိလာသော နှင်းဆီပန်းများကို ရွှေတောင်မြို့ ဈေးများအပြင် ပြည်မြို့ရှိ ဈေးများနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်း ဈေးမှာ နှင်းဆီတစ်ပွင့်လျှင် (၂၅)ကျပ်နှုန်းဖြင့် လက်ကားရောင်းချကြောင်း သိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် ဈေးနှုန်းပေါ်မူတည်ပြီး ဈေးကောင်းရလျှင် ရသလို တစ်နှစ်လျှင် ပျမ်းမျှအမြတ်မှာ (၁၅)သိန်း ခန့်ရရှိကြောင်း သိရပါသည်။
DOCA (ပဲခူး)