ပြည်လောင်စာတောင့် ဈေးကွက်

Powered by Drupal

လူသားတိုင်း နေ့စဉ် အစာနဲ့ရေကို ပြင်ဆင်ချက်ပြုတ်ရာတွင် လောင်စာတောင့်အသုံးပြုသူများလည်း ရှိကြပါသည်။ လောင်စာတောင့် အဝိုင်းနှင့် အတောင့်ဟူ၍ (၂)မျိုးရှိပါသည်။ လောင်စာအဝိုင်းတွင် ပါဝင်မှုများမှာ လွှစာ၊ မီးသွေးမှုန့်၊ ရွံ့ရည် (အင်ဂျင်ဝိုင်အပျစ် အနေအထား မရောက်တစ်ရောက် ဖျော်စပ်ရပါမည်)။  ထို(၃)မျိုးရောစပ်ပြီး အဝိုင်းပုံစံခွက်များဖြင့် ရိုက်ထုတ်၍ အခြောက်ခံပြီး ခြောက်သွေ့မာကျောသွားလျှင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

လောင်စာအဝိုင်းတစ်ဝိုင်းလျှင် အချိန်တစ်နာရီခွဲနီးပါး အသုံးပြုနိုင်၍ တစ်နေ့လျှင် ထုတ်လုပ်အား အဝိုင်းခဲ (၄၀၀၀)ရှိကြောင်း သိရပါသည်။ လက်လီအဝိုင်းခဲတစ်ခဲလျှင် (၁၀၀)ကျပ်ဈေးဖြစ်၍ တစ်လလျှင် အိတ်(၁၀၀၀)ခန့် အခြားနယ်များသို့ ရောင်းဝယ်တင်ပို့မှုရှိပါသည်။ အခဲ(၄၀)ပါ တစ်အိတ်လျှင် (၄၀၀၀) ကျပ်ဈေးဖြစ်ကြောင်း သိရပါသည်။

လောင်စာတောင့်အတောင့်မှာ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင်များက ပို၍ ဝယ်လိုအားများပြီး ပါဝင်သော ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် လောင်စာအဝိုင်းထက်ပို၍ ဈေးမြင့်ပါသည်။ လောင်စာတောင့် ပြုလုပ်ပုံမှာ မီးသွေးမှုန့်၊ လွှစာ၊ စပါးခွံ၊ ဇီးခွဲကြမ်း စသည်တို့ကို ရောစပ်၍ အတောင့်အခဲပုံစံများသို့ ပြောင်းလဲထုတ်လုပ်ခြင်း ဖြစ်ကြောင်းသိရပါသည်။

လောင်စာတောင့် တစ်တောင့်လျှင် အချိန် (၂)နာရီကျော်ကြာ အသုံးပြုပါသည်။ မီးခိုးမထွက်၊ အနံ့မရှိ အချိန်နည်း၍ ဈေးနှုန်းသက်သာသော အားသာချက်များရှိပါသည်။ တစ်နေ့လျှင် လောင်စာတောင့် ထုတ်လုပ်မှုမှာ ပျမ်းမျှကုန်ချိန် (၁၀၀၀)ခန့်ရှိပြီး ရောင်းအားမှာ တစ်နေ့လျှင် ပျမ်းမျှ ကုန်ချိန် (၂၀၀-၅၀၀)ခန့်ရှိပါသည်။ လောင်စာတောင့် (၁၀)ပိဿာပါ တစ်အိတ်လျှင် (၅၅၀၀)ကျပ်ဈေးဖြစ်ကြောင်း သိရပြီး နယ်တင်ပို့ ရောင်းချမှုများအနေဖြင့် လောင်စာအဝိုင်းနှင့် အတောင့်ပိဿာဝင်အိတ်များကို ပြည်မြို့တွင်း စားသောက်ဆိုင်များ ရန်ကုန်၊ တိုက်ကြီး၊ ဖျာပုံ၊ ညောင်တုန်း၊ ကျိုက်လတ်၊ မန္တလေးနှင့် သထုံမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)