ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီ/လက်ကား ရောင်းဝယ်လျက်ရှိကြသည့် ပဲမျိုးစုံများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများသာ လက်ကားရောင်းဝယ်မှုများသော်လည်း အခြားပဲများဖြစ်သည့် ဘိုကိတ်ပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြားနှင့် စားတော်ပဲ သီးနှံများသည် ဈေးကွက်မှာ လက်လီရောင်းဝယ်မှုသာ အဖြစ်များခဲ့ကြပါသည်။ အဆိုပါပဲများထဲတွင် စားတော်ပဲသီးနှံမှာ ပဲဈေးကွက်တွင် ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်ရောင်းဝယ်လျက်ရှိခဲ့ကြပါသည်။
သို့သော်လည်း စားတော်ပဲသီးနှံမှာ လှောင်ပဲလက်ကျန်များဖြင့်သာ ရောင်းဝယ်နေကြရသော ကြောင့် လက်လီအိတ်အနည်းငယ်ဖြင့် နေ့စဉ်အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ပဲပြုတ် ရောင်းချသူများမှ ဝယ်ယူမှုရှိလ၍ တစ်ရက်အိတ်လျှင် (၁၀)အိတ် ခန့်မှ အိတ် (၂၀)ကျော်အထိ ရောင်းချရကာ ဈေးနှုန်းအနေဖြင့် ပိဿာ (၂၀)တစ်တင်း (၁၁၅၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသော ပဲဖြစ်ခဲ့ပါသည်။
စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ဈေးကွက်အတွင်း ဈေးအမြင့်ရလျက်ရှိသော ပဲဖြစ်သော်လည်း ပြည်ခရိုင်အတွင်း စိုက်ပျိုးမှုမရှိလို့ အခြားဒေသများမှ ဝယ်ယူတင်ပို့ရောင်းချရသည့် ပဲသီးနှံဖြစ်၍ ဈေးကွက်အတွင်း အခြားပဲများကဲ့သို့ အိတ်အရေ အတွက် များပြားစွာ ရောင်းချမှုမရှိဘဲ ပဲအထွက်လှိုင်ချိန် ပဲသစ်များဝင်ရောက်ချိန်မှာပင်လျှင် အိတ်(၁၀၀)အောက်သာ ရောင်းချနေကြရကြောင်း သိရပါသည်။
DOCA (ပဲခူး)