မြေပဲပင်ပေါက်(ခေါ်) မြေပဲစို့မှာ မြေပဲပင်များ နှုတ်ယူပြီးသည့်အခါ မြေကြီးထဲမှာ ကျန်နေသော မြေပဲတောင့်မှ မိုးရေကြောင့် အစို့ပေါက်လာသော အပင်ပေါက်ဖြစ်ပါသည်။ ယခုလို မိုးဦးကျအချိန်တွင် ပြည်ဈေးကွက်၌ မြေပဲပင်ပေါက်များကို ကျေးရွာများမှ လာရောက် ရောင်းချကြကြောင်းသိရပါသည်။ မြေပဲပင်ပေါက်မှာ ဖြူဖြူတုတ်တုတ်သန်သန်မာမာနှင့် ဈေးကွက်တွင် ရောင်းချနေသဖြင့် စားသုံးသူများ ရာသီပေါ်စားစရာ ဟင်းရန်တစ်ခွက်အဖြစ် ဝယ်ယူစားသောက်ကြပါသည်။
မြေပဲပင်ပေါက်များကို ရေနွေးဖျောပြီး သုတ်စားကြသလို ကင်းပုံညွှန့်၊ ဆူးပုတ်ရွက်များနှင့် ကြော်ချက်, ချက်စားကြပါသည်။ မိုးတဖွဲဖွဲရွာနေချိန်တွင် မြေပဲပင်ပေါက်များ ထွက်ပေါ်လာသဖြင့် တောရွာများတွင် သဘာဝကပေးသော ဟင်းတစ်မျိုးအဖြစ် စားသုံးကြပါသည်။ မြို့များတွင်ဈေးမှ ရောင်းချသော မြေပဲပင်ပေါက်များကို ဝယ်ယူစားသုံးခြင်းဖြင့် ယခုအချိန် ပြည်မြို့ရှိ ဈေးများတွင် ပေါ်ခါစဖြစ်၍ မြေပဲပင်ပေါက် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြစ်ပြီး တစ်ဆယ်ကျပ်သားလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA (ပဲခူး)