(၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူထံသို့ သွားရောက်၍ ပွဲရုံရှိ သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်သူစိုး(လမင်းပွဲရုံ)က ယခုကာလတွင် အရောင်းအဝယ်များ အေးလျက်ရှိပြီး ပွဲရုံတွင် အရောင်းအဝယ်ဖြစ်သော ပဲဈေးနှုန်းများမှာ ပဲနောက်(ဝါးခယ်မမျိုး) တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ ပဲယင်းနီတစ်တင်းလျှင်(၆၇၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၂၉၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် ဆီကြိတ်မြေပဲဆံ တစ်ပိဿာလျှင်(၆၂၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်းသိရပါသည်။
ထိုပဲမျိုးများထဲတွင် ပဲယင်းနီပဲမျိုးမှာ ယခုနှစ်အစောပိုင်းတွင် မကျီးထုံးအုပ်စု၊ ဆင်လူးကျေးရွာနှင့် ကွေ့မကျေးရွာတို့တွင် အနည်းငယ်သာစိုက်ပျိုးပြီး သက်တမ်းမှာ စတင်စိုက်ပျိုးချိန်မှစ၍ (၄)လအကြာတွင် ခူးဆွတ်ရကြောင်းသိရပါသည်။ ပဲယင်းနီစိုက်ပျိုးသော တောင်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာပြီး၊ လွယ်ကူစွာစိုက်ပျိုးရသော ပဲတစ်မျိုးဖြစ်ပြီး ပြည်ပပို့ကုန် အဖြစ်တင်ပို့လျက်ရှိသော သီးနှံဖြစ်သဖြင့် သေချာစွာဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးမည်ဆိုပါက အကျိုးအမြတ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)