ကသာခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် လိုင်ချီးသီးများ အများအပြား ရောင်းချလျက်ရှိရာ အဝေးပြေးကားဂိတ်များမှတစ်ဆင့်အနယ်နယ်အရပ်ရပ်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးမြို့များသို့ တင်ပို့မှုများပြားကြောင်း ကားဂိတ်များမှ သိရှိရသည်။
လိုင်ချီးသီးများသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်ဖူးပွင့်ကြပြီး မေလနှင့် ဇွန်လတွင် ရင့်မှည့်ကြသည်။ ကသာခရိုင်တွင် လိုင်ချီးသီးများကို တစ်ပိုင်တစ်နိုင်အဖြစ် အိမ်ဝင်းခြံဝင်းစည်းရိုးများတွင် စိုက်ပျိုးမှုရှိသလို ဥယျာဉ်ခြံများဖြင့်စိုက်ပျိုးမှု အနည်းငယ်ရှိကြောင်းလည်းသိရသည်။ ရာသီပေါ် လိုင်ချီးသီးများကို ရိုးတံအညှာပါအောင် ခူးဆွတ်ပြီး အလုံးအကြီး/အသေး (၂၅ မှ ၃၀)လုံးခန့်ပါ အတွဲများအဖြစ် စုစည်းချည်နှောင်ကာ တစ်စည်း ၅၀၀ ကျပ်ဖြင့် ဈေးကွက်တွင်း ရောင်းချကြသည်။ အရွယ်တော် လိုင်ချီးပင်တစ်ပင်သည် အတွဲပေါင်း (၁၈၀)ခန့် ရရှိပြီး လက်ရှိဈေးနှုန်းနှင့်တွက်ကြည့်ပါက ကျပ် (၉၀၀၀၀)ခန့် ဝင်ငွေရရှိသည်။
ကသာမြို့နယ်ထွက် လိုင်ချီးသီးများကို ကုန်သည်များမှ အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူလျက်ရှိပြီး အတွဲ(၁၀၀)ပါ ခြင်းများဖြင့် မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး၂၀၂၃ ခုနှစ် မေလ တတိယပတ်မှစ၍ နေ့စဉ်လိုင်ချီးသီးခြင်းပေါင်း (၈၀) မှ (၁၀၀)ကြား တင်ပို့မှုရှိကြောင်း လိုင်ချီးသီးကုန်သည်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)