ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေသော တောင်ပို့မှို

Powered by Drupal

         တောင်ပို့မှိုကို အချို့က ခြမှိုဟုလည်းခေါ်ကြပါသည်။ တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့မှိုရှိရာမြေအောက် ခြကောင်ရှိသောနေရာတွင် နွေအကုန်မိုးဦးအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာအပြီးတွင် ပေါက်ရောက်တတ်ပါသည်။ တောင်ပို့မှိုသည်ဈေးကောင်းသော အစားအစာ တစ်မျိုး ဖြစ်ပါသည်။ တောင်ပို့မှိုကို သဘာဝအတိုင်း တူးယူ၍ရသလို သဘာဝနည်းဖြင့်လည်း စိုက်ပျိုး၍ ရကြောင်းလည်း သိရှိရပါသည်။ စိုက်ပျိုးနည်းမှာ ပါဝင်ပစ္စည်း(၃)မျိုးသာရှိပြီး မိမိ ပတ်ဝန်းကျင်တွင် အလွယ်တကူရှာဖွေရသော ပစ္စည်းများဖြစ်ပါသည်။ ခြတောင်ပို့အတွင်းပိုင်းမှ မြေသား (၂၀)ကျပ်သားခန့်၊ ထမင်းဖြူ (၆၅)ကျပ်သား နှင့် ရေ(၂)လီတာတို့ဖြစ်ပါသည်။ ပထမဦးစွာ တောင်ပို့ မြေနှင့် ထမင်းဖြူကို ဇလုံတစ်ခုထဲတွင် သမအောင်မွှေပေးရပါမည်။ ထို့နောက် ရေကိုဖြန်းလိုက် မွှေလိုက်ဖြင့် ရေသန့်ဘူး(၂)ဘူး ကုန်သည်အထိမွှေပေးရပါမည်။ ထို့နောက် ဇလုံကိုနေရောင်ခြည် တိုက်ရိုက်မကျသော မပူလွန်း၊ မအေးလွန်းသော နေရာတွင် ရွေ့ပြောင်းခြင်း မပြုဘဲ (၇)ရက်ခန့် ထားရပါမည်။ (၇)ရက်ကျော်သောအခါ ဇလုံ၏မျက်နှာပြင်ပေါ်တွင် အမြုပ်အဖတ်ဖြူဖြူမဲမဲလေးများ တက်လာသည်ကို တွေ့ရပါသည်။ ထိုအဖတ်များသည် မှိုဖေါက်ရန် ကျူလ္လင်ဆီ (မှိုမျိုးစေ့) များ ဖြစ်ပါသည်။ ထိုမှိုမျိုးများကို ခပ်ယူ၍ အစိုဓါတ်ရှိသော မြေဆွေးပုံ၊ ကောက်ရိုးဆွေးပုံ၊ သစ်ပင်အောက်ရှိမြေဆွေးပုံအပေါ် နှံစပ်အောင်ချထားပေးရပါမည်။ မှိုမျိုးစေ့များ ချထားသော နေရာအား (၇)ရက်၊ (၈)ရက် တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့် မှိုဖူးလေးများ ထွက်လာမှာ ဖြစ်ပါသည်။ ယခုအချိန်ပေါ်ဦးပေါ်ဖျား တောင်ပို့မှိုများဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ အဖူးများဖြစ်သောကြောင့် ပိုချို၊ ပိုနု၍ စားလို့အလွန်ကောင်းပါသည်။ တောင်ပို့မှု (၅၀)ကျပ်သား လျှင် (၁၅၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃)သောင်းကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ တောင်ပို့မှိုကို သဘာဝနည်းဖြင့် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်နည်းနည်းဖြင့် မြေအများကြီးရှိဖို့ မလိုဘဲ အိမ်တွင်းတိုက်ခန်း၊ ကွန်ဒိုနေသူများပါ ပန်းအိုးအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါသည်။

        ထို့ကြောင့် တောင်ပို့မှိုသည် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သလို၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သဖြင့် စိုက်ပျိုးသင့်သော ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)