ရွှေတောင်မြို့နယ်ရှိ ရွှေဖရုံသီး (လက်ရိုက်သီး)စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး)ကို စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၂၂.၅.၂၀၂၃) နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကွင်းဆင်း လေ့လာခဲ့ပါသည်။

        ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးသူ တောင်သူ (၁၂)ဦးရှိပြီး စိုက်ပျိုးသည့် စင်ပေါင်း (၁၂)စင် စိုက်ပျိုးထားကြောင်း သိရပါသည်။ ရွှေဖရုံသီး (လက်ရိုက်သီး) ဆိုသည်မှာ တစ်ခါစား အလုံးသေးမျိုးဖြစ်ပြီး မျိုးမှာ ထိုင်ဝမ်မျိုးဖြစ်ပါသည်။ ရွှေဖရုံသီးကို တန်ခူးလဆန်းတွင် စတင်စိုက်ပျိုးပြီး၊ ဝါဆိုလဆန်းတွင် အသီးများစတင်ထွက်ပေါ်၍ ခူးဆွတ်ရောင်းချရကြောင်း သိရပါသည်။ ရွှေဖရုံစိုက်ပျိုးရာ စင်ထိုး၍ စိုက်ပျိုးရပြီး တစ်စင်လျှင် ကုန်ကျစရိတ်အနေဖြင့် စင်ဖိုးအပါအဝင် (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ထိုရွှေဖရုံစင်ကို (၂)နှစ် အသုံးပြု၍ရပြီး ရွှေဖရုံ တုံးပါက အခြားနွယ်ပင်များဖြစ်သည့် ကျောက်ဖရုံ၊ ပဲပင် များကို ဆက်လက်စိုက်ပျိုးကြောင်း သိရပါသည်။ ရွှေဖရုံသီး ခူးဆွတ်ချိန်တွင် တစ်ပတ်လျှင် တစ်ကြိမ်ခူးဆွတ်ရပြီး (၂)လခန့် ခူးဆွတ်ရကြောင်းသိရပါသည်။ ရွှေဖရုံတစ်ခင်းတွင် (လက်ရိုက်သီး) အလုံးပေါင်း (၁၄၀၀)ခန့် ရရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အထိုင်ဈေး တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်ရွှေဖရုံသီး ထွက်ပေါ်ချိန်တွင် ယခင်နှစ်ကဈေးအတိုင်း ရရှိနိုင်ကြောင်း တောင်သူထံမှ သိရှိရပါသည်။ ယခုအချိန်တွင် ရွှေဖရုံသီး စိုက်ပျိုးနေချိန်ဖြစ်ပြီး လာမည့် ဝါဆိုလတွင် စတင်ထွက်ပေါ် လာမည် ဖြစ်သဖြင့် ယခင်နှစ်ကအတိုင်း အသီးတင်မည်ဆိုလျှင် ဝင်ငွေရရှိမှုမှာ (၇)သိန်းကျပ်ခန့်ရရှိမှာဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ရွှေဖရုံစင်တစ်စင်လျှင် (၅)သိန်းကျပ်ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါ သည်။

ရွှေဖရုံသီးကို လူအများက ရာသီစာအသီးအနှံအဖြစ် စားသုံးကြသဖြင့် ယခုလို တစ်ခါစား လက်ရိုက်သီးများသည် အလေအလွင့်မရှိဘဲ ဈေးနှုန်းအနေဖြင့်လည်းသက်သာသဖြင့် ဝယ်ယူ စားသုံးကြပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း ရာသီချိန်တစ်နှစ်လျှင် အမြတ်အစွန်း များစွာရရှိသဖြင့်  ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း ကွင်းဆင်းလေ့လာ သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)