မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နေကြာ(မိုးကြို)ကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၁၁၉၉) ဧကလျာထားခဲ့သော်လည်း စဉ့်ကိုင်မြို့နယ်တွင် (၁၃၃၅) ဧကနှင့် မြစ်သားမြို့နယ်တွင် (၂၀၁) ဧက၊ စုစုပေါင်း (၁၅၃၆) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရ သိရှိရပါသည်။နေကြာ(မိုးကြို)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ နေကြာတစ်ဧကကုန်ကျစရိတ်မှာ (၂၇၀၀၀၀-/) ကျပ်ခန့်ကုန်ကျကြောင်း၊ နေကြာဈေးနှုန်းများအနေဖြင့် ယခင်နှစ်၌ နေကြာ တစ်တင်းလျှင် (၁၈၀၀၀) ကျပ်၊ နေကြာဆီ(၁)ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၃၄၀၀၀/) ကျပ်၊ နေကြာဆီ တစ်ပိသာလျှင် (၁၂၀၀၀) ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုနှစ် နေကြာ(မိုးကြို)စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နေကြာ(မိုးကြို)များမှာ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်း လျက်ရှိပါသည်။ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာကာ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့် သီးထပ်၊သီးညှပ်အပြင် သီးသန့်အနေဖြင့်ပါ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)