“မိတ္ထီလာခရိုင်အတွင်း မိုးသီးနှံများစတင် စိုက်ပျိုးနေ’’

Powered by Drupal

      မိုးသီးနှံကို နှစ်စဉ် မေ၊ ဇွန်လများ၌ စတင်စိုက်ပျိုးရာ ၂၀၂၃ခုနှစ်၊မေလလယ်၌ မိုခါမုန်တိုင်းကြောင့် မိုးရွာသွန်းမှုရှိခဲ့ရာ မြေယာပြုပြင်ရန် တောင်သူများအတွက် လွယ်ကူချောမွေ့ကြောင်း သိရသည်။ မြေယာပြုပြင်ရာ၌ ထယ်ထိုးရာတွင် စက်ထယ်မှာ တစ်ဧကလျှင် (၃၅၀၀၀) ကျပ်၊ နွားထယ်မှာ (၁၀၀၀၀) ကျပ်ရှိကြောင်း သိရသည်။ မြေပြင်ပြုပြင်ပြီးနောက် မိုးသီးနှံစိုက်ရန် မြေခံမြေသြဇာကို သုံးစွဲကြရာ ဒေသတွင်းတောင်သူများအနေဖြင့် ရှေးရိုးမပျက် နွားချေးကို ပုံမှန်သုံးစွဲလေ့ရှိပါသည်။ နွားချေး စျေးမှာ နွားလှည်းတစ်စီးလျှင် (၂၀၀၀၀) ကျပ် ရှိပြီး မြေခံမြေသြဇာအဖြစ် အသုံးပြုကြပါသည်။ ယခုနှစ်မိုးသီးနှံကို မေလလယ်၌ မိုခါမုန်တိုင်းအပြီး ပြုပြင်ခဲ့ကြပြီး မိုးသီးနှံ နှမ်း၊ ဝါ၊ မြေပဲတို့ကို စိုက်ပျိုးခဲ့ကြ ပါသည်၊၊ မျိုးစျေးအနေဖြင့် မျိုးနှမ်းတစ်တင်း (၉၀၀၀၀) ကျပ်၊ ဝါစေ့ တစ်ပိဿာ (၃၅၀၀) ကျပ်နှင့် မြေပဲဆံ တစ်ပြည် (၈၀၀၀) ကျပ်ဖြင့် စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးပြီးနောက် အပင်များပေါက်လာကာ နောက်ပိုင်း မိုးရွာသွန်းမှုမရှိ၍ တောင်သူများ စိုးရိမ်ပူပန်ခဲ့ရပါသည်။ ယခုအခါ ဇွန်လဆန်း၌ မိုးကောင်းစွာရွာသွန်းမှုကြောင့် တောင်သူများပြုံးပျော်နေကြောင်း သိရသည်။

DOCA(မန္တလေး)