ရာသီပေါ်ဒေသထွက် မျှစ်ဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ မြို့မဈေးသို့ မျှစ်များကို ရာသီချိန်ဖြစ်သည့် ဇွန်၊ ဇူလှိုင်လများတွင် ညောင်အိုင်၊ ခိုဝင်၊ မထိမ်းနှင့် မြေနီကုန်း စသည့်ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

 ဇွန်လအချိန်သည် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် မျှစ်နု၊ ကျွန်းမျှစ်များထွက်ပေါ်လာပြီဖြစ်ပါသည်။ မျှစ်သည် မိုးရာသီအစားအစာဖြစ်သည့်အပြင် ရာသီချိန်သာမက အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည်ပြီး သိုလှောင်၍လည်းကောင်း၊ ပြုတ်၍ ပါးပါးလှီးပြီး နေပူလှန်းကာ မျှစ်ခြောက်အဖြစ်လည်းကောင်း သိုလှောင်ကြကြောင်း၊ မျှစ်စိုကို ဈေး၌ ရောင်းချရသဖြင့် ပေါ်ဦးပေါ်ဖျားမျှစ်ဈေးသည် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် (၁) ပိဿာလျှင် ကျပ် (၈၀၀၀) ဖြစ်ပြီး ဒုတိယအပတ်တွင် ကျပ် (၅၀၀၀) ထိဈေးနိမ့်ခဲ့ပါကြောင်း၊ ဇွန်၊ ဇူလှိုင်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များလှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်သဖြင့် မျှစ်စိုများကို မျှစ်ခြောက်ပြုလုပ်၍ မကွေး၊ မန္တလေး၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပါကြောင်း စေတုတ္တရာမြို့၊ မြို့မဈေး၌ ရောင်းချလျက်ရှိသည့်ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ မျှစ်သည် ပရိုတင်းဓာတ်ကြွယ်ဝသည့်အပြင် ကယ်လိုရီပါဝင်မှုနည်း၍ ကစီဓာတ် (၄) ရာခိုင်နှုန်းနှင့် အမိုင်နိုအက်စစ်အမျိုးပေါင်း (၁၇) မျိုးအပါအဝင် အသားဓာတ် (၅) ရာခိုင်နှုန်းပါဝင်သည့်အတွက် အာဟာရတန်ဖိုးမြင့်သည့်အပြင် ဆယ်လူလို့စ် (ခေါ်) အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ သံဓာတ်၊ သွပ်ဓာတ်၊ ဖောလစ်အက်စစ်ဓာတ်၊ နစ်ကိုတင်းနစ်အက်စစ်၊ ဆီလီနီယံဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်မျှစ်ကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)