မင်းလှမြို့၊ ဥယျာဉ်ကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အနီးရှိ ဥယျာဉ်ကျေးရွာသည် အိမ်ခြေ (၂၁၀) ခန့်ရှိပြီး စိုက်ပျိုးရေးကို အများဆုံးလုပ်ကိုင်ကြပါသည်။ တောင်ယာလုပ်ကိုင်သူများသည် မိုးဦးကျချိန်တွင် နှမ်းကိုအဓိကထားစိုက်ပျိုးကြကြောင်း၊ နှမ်းနှင့်အတူ ပဲစင်းငုံ၊ ဝါ စသောသီးနှံတို့ကိုလည်း သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။

    နှမ်းစိုက်ပျိုးရာတွင် ဆည်မြောင်း၊ ရေကန်မရှိသောဒေသဖြစ်၍ ရေသွင်းစိုက်ပျိုးခြင်းများမရှိဘဲ မိုးရေကိုသာအားထား၍ စိုက်ပျိုးကြကြောင်း၊ နှမ်းမျိုးဝယ်ယူရာ၌ (၁) ပြည်လျှင် ကျပ် (၇၀၀၀) ဖြင့် (၁) ဧကအတွက် နှမ်းမျိုး (၂) ပြည်ခန့်အသုံးပြုရကြောင်း၊ မိုးဦးကျချိန်တွင်စိုက်ပျိုးသော နှမ်းဖြစ်သည့်အတွက် ပိုးသတ်ဆေးအသုံးပြုမှုနည်းပါးသည့်အပြင် သဘာဝဓာတ်မြေဩဇာဖြစ်သော နွားချေးမြေဆွေးကိုသာ အများဆုံးအသုံးပြုကြကြောင်း၊ နှမ်းစိုက်ပျိုးပြီး (၃) လ (သို့မဟုတ်) (၄) လအကြာတွင် ရိတ်သိမ်းလေ့ရှိပြီး မိုးကောင်းလျှင် နှမ်းအထွက်နှုန်းမှာ (၁) ဧကလျှင် (၁၂) တင်းကျော်ထွက်လေ့ရှိကြောင်း၊ ရာသီဥတုဖောက်ပြန်၍ မိုးမမှန်သည့်နှစ်များတွင် နှမ်းအထွက်နှုန်းမှာ (၁၀) တင်းအောက်လျော့ကျကြောင်း၊ ယခင်နှစ်တွင် မိုးနှမ်းဈေးမှာ (၁) တင်းလျှင် ကျပ် (၈၀၀၀၀) ခန့်ရရှိကြောင်း၊ ယခုနှစ်တွင် မိုးနှမ်းမှာမူ စိုက်ပျိုးဆဲကာလဖြစ်၍ ဈေးနှုန်းမှာ မသိရှိသေးပါကြောင်း၊  ရိတ်သိမ်းပြီးသောနှမ်းများကို များသောအားဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ ရောင်းချလေ့ရှိကြောင်းနှင့် နှမ်းစိုက်ပျိုးခြင်းသာမက ကုလားပဲ၊ ပဲတီစိမ်း၊ မြေပဲတို့အပြင် စားဖိုဆောင်သီးနှံများဖြစ်ကြသော ခရမ်းချဉ်သီး၊ ဘူးသီး၊ ပြောင်း၊ ဖရုံ၊ သခွား၊ ရုံးပတီသီး၊ ကန်စွန်းတို့ကိုလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်း ဥယျာဉ်ကျေးရွာနေ နှမ်းစိုက်တောင်သူ ဒေါ်ဌေး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)