မကွေးမြို့၊ သစ်ရာကောက်နယ်တွင်မိုးမြေပဲ(ပင်ထောင်)နှင့် နှမ်းသီးနှံများ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိ

Powered by Drupal

     ၂၀၂၃ ခုနှစ် မေလအတွင်း အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်ပြီး မုန်တိုင်းမိုးများ ရွာသွန်းချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ သစ်ရာကောက်နယ် အတွင်း မိုးမြေပဲ(ပင်‌ထောင်)နှင့် နှမ်းသီးနှံတို့ကို စိုက်ပျိုးခဲ့ရာ ရာသီဥတု၊ မိုးလေဝသ ကောင်းမွန်မှုတို့ကြောင့် သီးနှံများ အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများမှတစ်ဆင့် သိရှိရသည်။

   ယခင် ၂၀၂၂ ခုနှစ်၊ မိုးဦးကာလတွင် မိုးမြေပဲ(ပင်ထောင်) မျိုးဆံစေ့ တစ်တင်းလျှင် ကျပ် (၈၀၀၀၀-၉၀၀၀၀) ခန့်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ကျပ်(၁၀၀၀၀၀- ၁၃၀၀၀၀) ခန့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း၊ တောင်သူများအနေဖြင့် (၁)ဧကလျှင် မျိုးဆံစေ့၊ ဓါတ်မြေဩဇာ၊ သွင်းအားစု၊ လုပ်သားခ ကုန်ကျစရိတ်များမှာ ကျပ်(၄၀၀၀၀၀-၅၀၀၀၀၀)ခန့် ကုန်ကျခဲ့ပါကြောင်း၊ ရရှိနိုင်သော အကျိုးအမြတ်မှာလည်း သီးနှံအထွက်နှုန်း၊ သီးနှံအရည်အသွေးနှင့် ဈေးနှုန်းဈေးကွက်အပေါ် မူတည်၍ အကျိုးအမြတ်ခံစားရမည်ဖြစ်ပါကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်၊ မိုးဦးကာလတွင် မိုးမြေပဲ(ပင်‌ထောင်) လုံးဆံဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)အထိရရှိပြီး ဆီဆံဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၃၀၀၀) ခန့် ရောင်းချရကြောင်း၊ ဆက်လက်ပြီး ရာသီဥတု၊ မိုးလေဝသများ ကောင်းမွန်မှန်ကန်ပါက မိုးမြေပဲ (ပင်ထောင်)များ စိုက်ပျိုးခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ် ကာမိရုံသာမက အကျိုးအမြတ်များစွာ ခံစားရရှိမည်ဖြစ်ပြီး မြေပဲပင်(သို့မဟုတ်) မြေပဲရိုးများကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် တိရိစ္ဆာန်အစာ ဖူလုံမှုရရှိကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)