အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှု တားမြစ်ချက်မှ ကင်းလွတ်ခွင့်ရရန် စင်ကာပူ ကြိုးပမ်း

Powered by Drupal

စင်္ကာပူစားနပ်ရိက္ခာအဖွဲ့အစည်း (SFA) သည် (ဘာစမာတီမဟုတ်သော) ဆန်ဖြူ တင်ပို့မှုအပေါ် တားမြစ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရေးအတွက် အိန္ဒိယအာဏာပိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ SFA မှ မီဒီယာများသို့ ပြောကြားရာတွင် အဖွဲ့ အစည်းအနေဖြင့် ဆန်စပါးသိုလှောင်မှုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိကာလတွင် ဆန်အရောင်း တည်ငြိမ်လျက်ရှိကာ ပြည်တွင်းစားသုံးသူများအားလုံး လိုအပ်သမျှ ဝယ်ယူနိုင်မည့် လုံလောက်သော ပမာဏရှိကြောင်းနှင့် ဆန်စပါးသိုလှောင်မှုအစီအစဉ်အရ ဆန်တင်သွင်းသူများသည် ၄င်းတို့လစဉ်တင်သွင်းမှု ဆန်ပမာဏ၏ နှစ်ဆရှိသော ကုန်လက်ကျန်များကို လက်ဝယ်ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် စင်္ကာပူနိုင်ငံ၏ ဆန်တင်သွင်းမှု၏ ၄ဝ ရာခိုင်နှုန်းကို ရရှိထားပြီး ဘာစမာတီမဟုတ်သော (ဆန်) တင်သွင်းမှုကိုသာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဘာစမာတီမဟုတ်သောဆန်များ၏ တင်ပို့မှုမှာ စုစုပေါင်းဆန်တင်သွင်းမှု၏ ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံတွင် ဆန်ရောင်းလိုအား ထိခိုက်မှုဖြစ်ပေါ်လာနိုင်ပြီး စင်ကာပူနိုင်ငံအစိုးရ သည် အကျိုးသက်ရောက်မှုအနည်းဆုံးဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် အခြားဆန်အမျိုးအစားများနှင့် ကာဗိုဟိုက်ဒရိတ်များမှရရှိသည့်အမျိုးအစားများကို စားသုံးခြင်းဖြင့် ဆန်စပါးဈေးကွက်ရောင်းလိုအား မတည်မငြိမ်ဖြစ်မှုကို လိုက်လျောညီထွေဖြစ်စွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း SFA က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် နိုင်ငံပေါင်း (၃ဝ) ကျော်မှ ဆန်တင်သွင်းလျက်ရှိပြီး နိုင်ငံ၏ဆန် ရောင်းလိုအား တည်ငြိမ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်တစ်တန်လျှင် ဒေါ်လာ ၆ဝဝ ကျော်မြင့်တက်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ပြုတ်ဆန်နှင့် ထိုင်းနိုင်ငံ၏ ဆန်ကွဲ (၂၅%) တို့မှာ တစ်တန်လျှင် ဒေါ်လာ ၆ဝဝ အောက် ရောက်ရှိခဲ့ပါသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ပါလီမန်ရွေးကောက်ပွဲကာလ ၂ဝ၂၄ ခုနှစ်မတိုင်မီ အရေးကြီးသည့် ၂ဝ၂၃ ခုနှစ်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ တားမြစ်ပိတ်ပင်ခဲ့မှုမှာ အိန္ဒိယနိုင်ငံအတွင်းရှိ Karnataka ၊ West Bengal ၊ Chhattisgarh ၊ Tamil Nadu နှင့် Andhra Pradesh ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းခဲ့သဖြင့် စပါးရိတ်သိမ်းမှုအပေါ် ထိခိုက်စေခဲ့မှုအပြင် Punjab နှင့် Haryana ဒေသများတွင် မိုးရွာသွန်းမှုကြောင့် စပါးသီးနှံများ ပျက်စီးခဲ့ခြင်းကြောင့် စပါးရောင်းလိုအား ပြတ်လပ်မှုအရေးကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 21 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)