ဈေးကောင်းရနေတဲ့ ပန်းမုန်လာ

Powered by Drupal

    ပန်းမုန်လာ(ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်တဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတာကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အတော်များများတွင် စိုက်ပျိုးကြပါတယ်။ ပန်းမုန်လာကို မျိုးစေ့ ဖြင့် ပျိုးဘောင်များတွင် ကြဲပက်စိုက်ပျိုးပြီး ပျိုးသက်(၁)လခန့်အကြာတွင် ပျိုးပင်များကို ပြန်ခွဲ၍ ‌ပြောင်းရွေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင် စိုက်ပျိုးကြပါတယ်။ အပင်စတင်စိုက်ပျိုးပြီးလျှင် (၃) ကြိမ် မြေဩဇာကျွေးပေးရပါတယ်။ မြေဩဇာကျွေးရာတွင်လည်း ပြောင်းရွေ့စိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်တွင် ပထမအကြိမ်၊ ပထမအကြိမ်မြေဩဇာကျွေးပြီး (၁၀)ရက်ခန့်အကြာတွင် ဒုတိယအကြိမ်၊ ရွေ့စိုက်ပြီး (၁)လခန့်အကြာတွင် တတိယအကြိမ်ဖြင့် (၃)ကြိမ်ခန့် မြေဩဇာကျွေးပေးရတယ်လို့ သိရပါတယ်။ အပွင့်များကောင်းစွာပွင့်ချိန်တွင်လည်း နေရောင်ခြည်နှင်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့် အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာနိုင်သဖြင့် အပွင့်၏အရွယ်(၂-၃)လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းထားပေးရတယ်လို့သိရှိ ရပါတယ်။ စတင်စိုက်ပျိုးပြီး ပိုးမွှားကျရောက်မှုအခြေအနေပေါ်မူပြီး ပိုးသတ်ဆေးအနည်းငယ် ဖြန်းပေးရပါတယ်။ ပန်းပွင့် စတင်ပွင့်လာပြီး ရက်ပေါင်း(၉၀)ကြာလျှင် ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။ ယခုလက်ရှိ ပန်းမုန်လာပေါက်ဈေးမှာ တစ်ပွင်လျှင် အပွင့် အကြီး အသေးပေါ်မူတည်၍ (၈၀ဝိ/- မှ ၂၀၀ဝိ/-)ထိ ဈေးရှိတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်သော ပန်းမုန်လာများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးများအပြင် မြေပြန့်ဒေသအတော်များများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)