မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ “တွေ့ဆုံဆွေးနွေးပွဲ”ကျင်းပ

Powered by Drupal

   မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့်အတွက် တိုင်းမြို့တော်အင်္ဂါရပ်နှင့်အညီ စည်ပင်ဖွံ့ဖြိုးရေးနှင့်အဆင့်အတန်းမီသော လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေး၊ စားသောက်ဆိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်အတန်းမီသော ဝန်ဆောင်မှုပေးနိုင်သည့် စားသောက်ဆိုင်များ ဖြစ်ပေါ်လာစေရေး ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မကွေးမြို့ မြို့တော်ခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

            ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်မှ အဖွင့်အမှာ စကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ ဖွဲ့စည်းရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးရာတွင် အစုအဖွဲ့ ဖွဲ့စည်းရာ၌ အနည်းဆုံး (၃)ယောက်ဖြင့် ဖွဲ့စည်းနိုင်ပြီး အဖွဲ့တွင် အမျိုးအစားတူ စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသအလိုက်စုဖွဲ့၍ စိတ်တူကိုယ်တူရှိသူ၊ တိုးတက်ဖွံ့ဖြိုး ရေးဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ငယ်ကိုခေါ်ခြင်းဖြစ်ကြောင်း၊ အသင်းအဖွဲ့တစ်ခုကို အနည်းဆုံး (၁၀)ဦးဖြင့် ဖွဲ့စည်းရကြောင်း၊ အသင်းအနေဖြင့်အမှန်တကယ် အမြတ်အစွန်းရလျှင် အသင်း၏ ရည်ရွယ်ချက်များတိုးမြင့်အောင် ဆောင်ရွက်ရန်သာဖြစ်ပြီး အသင်းသားများ အကျိုးအမြတ်ခွဲဝေပေးခြင်းကို ကန့်သတ်ထားကြောင်း၊ အသင်းအဖွဲ့ကိုနိုင်ငံတော်အဆင့် ဖွဲ့စည်းမည်ဆိုပါက တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပါဝင်ရမည်ဖြစ်ပြီး တိုင်းအဆင့်ဖွဲ့စည်းမည်ဆိုပါက ခရိုင်အဆင့်များ ပါဝင်ရမည်ဖြစ်ကြောင်း၊ ခရိုင်အဆင့် ဖွဲ့မည်ဆိုလျှင် မြို့နယ်အဆင့်အသင်းများပါဝင်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဖွဲ့ရာတွင် မဂဏန်းဖြင့် ဖွဲ့စည်း ရမည်ဖြစ်ပြီး အသင်းတွင် ဘဏ္ဍာရေးမှူးလည်းထားရှိရမည်ဖြစ်ကြောင်း၊ အသင်းဖွဲ့စည်းရာတွင် အသင်း၏ တည်နေရာလည်းရှိဖို့လိုကြောင်း၊ အသင်း၊ အဖွဲ့၊ ဇုံ၊ အစုအဖွဲ့များ ဖွဲ့စည်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ပြည့်စုံသော သတင်းအချက်အလက်များ ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် တာဝန် များနှင့်အာမခံချက်များအပေါ် ဖောက်ဖျက်မှုများရှိ၍ စားသုံးသူမှနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားလာမှု များအပေါ် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်နိုင်မှု အခြေအနေများအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသို့ စားသောက်ဆိုင်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ တိုင်ကြားလာသည့် ကိုးပင်မှစားသောက်ဆိုင်တစ်ခုနှင့် ရန်ကုန်မြို့ မြန်မာပလာဇာတွင် ဖွင့်လှစ်ရောင်းချ သည့် စားသောက်ဆိုင်တစ်ခု၏ Service ခကောက်ခံခြင်းနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် စားသုံးသူ ကျေနပ်မှုရရှိအောင် ဖြေရှင်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်မှ ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သင်တန်းများဖွင့်လှစ်ပို့ချနေမှု အခြေအနေများအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊  ရင်းနှီးမြုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရမှ စီးပွားရေးလုပ်ငန်းရှင် များသိသင့်သည့်အချက်များ၊ ကုမ္ပဏီထူထောင်ရာတွင် လိုအပ်သည့်အချက်များနှင့် ချေးငွေကိစ္စရပ်များအား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ မကွေးတိုင်းဒေသကြီး လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌမှ အသင်းဖြစ်မြောက်ရေး ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲကို (၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။

            အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ စုစုပေါင်း ဦးရေ(၁၀၀) ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများမှ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)