မွန်ပြည်နယ် အမယ်သစ်သီးနှံ”ဝဥ”စိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

   မြန်မာနိုင်ငံတွင် ဝဥပင်သည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ အရိပ်အာဝသကောင်းပြီး အစိုဓာတ်ကောင်းသည့်နေရာများတွင် အများအပြားပေါက်ရောက်လျက်     ရှိကြသည်။  ယခင်က သဘာဝအလျောက်ပေါက်ရောက်သော ဝဥများကိုတူးဖော် စားသောက်ခဲ့ရာမှ ယခုအခါ ပြည်ပဝယ်လိုအားရှိလာသဖြင့် စနစ်တကျစိုက်ပျိုးလာကြပြီး ပြည်ပတင်ပို့မှုများလည်းရှိလာ ခဲ့သည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၌ ဝဥအများဆုံးထွက်ရှိပြီး  မွန်ပြည်နယ်သည် ဝဥ ဒုတိယအများဆုံးထွက်ရှိသောပြည်နယ်တစ်ခုဖြစ်သည်။

မွန်ပြည်နယ် “ဝဥ”  စိုက်ပျိုးထွက်ရှိမှု အခြေအနေ

          မြန်မာနိုင်ငံတွင် ဝဥ စိုက်ပျိုးလျက်ရှိသော ဒေသများတွင် မျိုးကွဲ(၅)မျိုးခန့်ရှိသော်လည်း အဓိက အားဖြင့်  အဖြူမျိုး၊ အနီမျိုး၊ အဝါမျိုးများကိုသာ ဈေးကွက်ဝင်မျိုးများအဖြစ် မျိုးပွားစိုက်ပျိုးလျက် ရှိကြသည်။ မွန်ပြည်နယ်မှထွက်ရှိသော (အဝါ)မျိုးသည် အမှုန့်ထွက်အားကောင်းပြီး အစေးဓာတ်ကောင်းသောကြောင့် ပြည်ပဝယ်လက်များမှ ဈေးကောင်းပေးဝယ်ယူမှုများရှိပါသည်။   မွန်ပြည်နယ်တွင် အဝါရောင် အမျိုးအစားကို အဓိကစိုက်ပျိုးကြသည်။ မွန်ပြည်နယ် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဝဥ စိုက်ပျိုးထွက်ရှိမှုမှာ အောက်ပါအတိုင်း တွေ့ရှိရသည်-

 

စဉ်

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်

မှတ်ချက်

စိုက်ဧက

၅၁၀

၅၁၀

-

ရိတ်ဧက

၅၁၀

၅၁၀

-

တစ်ဧကအထွက်

နှုန်း (ပိဿာ)

၁၁၄၀.၆၈

၁၁၄၁.၅၇

-

အထွက်(ပိဿာ)

၅၈၁၇၄၉

၅၈၂၂၀၂

-

အထွက်(တန်)

၉၄၉

၉၅၀

-

ဈေးနှုန်းဈေးကွက်အခြေအနေ

          မွန်ပြည်နယ်မှ ထွက်ရှိသော ဝဥ(အဝါ)သည် ပြည်ပဝယ်လက်များတွင် အရည်အသွေးကောင်းမွန်သောကြောင့် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိနေသည်။ မွန်ပြည်နယ်တွင် ယခင်နှစ်များက ဝဥအစို တစ်ပိဿာလျှင် ကျပ် ၉၀၀ မှ ၁၁၀၀ နှင့် ဝဥအခြောက် တစ်ပိဿာလျှင် ကျပ် ၈၅၀၀ မှ ၁၁၅၀၀ထိ သာရရှိကြပြီး ယခုနှစ်တစ်ရာသီလုံး  အစိုတစ်ပိဿာလျှင် ကျပ် ၁၁၀၀ မှ ၁၅၀၀ နှင့် ဝဥအခြောက် တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ၁၃၀၀၀ ထိရရှိကြောင်း သိရသည်။ ဝဥအခြောက်ထုတ်လုပ်မှုအနေဖြင့် မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်မှုလုပ်ငန်းမှတ်ပုံတင်ထားရှိသော ဝဥခြောက်လုပ်ငန်းနှင့် အမှုန့်ကြိတ်လုပ်ငန်းထုတ်လုပ်သည့် စက်ရုံများမှာ ရေးမြို့နယ်တွင်(၄)ရုံ၊ မော်လမြိုင်ကျေက်တန်းစက်မှုဇုံတွင် (၂)ရုံ၊ စုစုပေါင်း စက်ရုံ (၆) ရုံရှိကြောင်းသိရှိရသည်။ ဝဥခြောက်နှင့်အမှုန့်ထုတ်လုပ်ရာတွင် ဈေးကွက်ဝယ်လိုအားကောင်းသောကြောင့် ဝဥသီးနှံ စိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမို ရရှိနိုင်မည့် သီးနှံဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ်တွင် ပြည်ပဝယ်လိုအား ကျဆင်းလာခြင်းကြောင့် ပြည်နယ်အတွင်း ဝဥဈေးကွက်ပေါ်တွင် ရိုက်ခတ်မှုများ ရှိလာခဲ့သော်လည်း ယခုလာမည့် ၂၀၂၄ ဝဥရာသီတွင် ဈေးကောင်းပြန်လည် ရရှိနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းရပါသည်။ အရည်အသွေးမြှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရန် စက်ကိရိယာအသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံခွာခြင်း၊ အပါးလွှာခြင်း၊ အခြောက်ခံခြင်းများ ဆောင်ရွက်နေပြီဖြစ်သော်လည်း အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းဖြင့် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်တင်ပို့နိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ ဌာနဆိုင်ရာများ၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ် ကုန်စဉ်ဒိုင်ခန်းမ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    နိုင်ငံတကာတွင် ဝဥကို ခေါက်ဆွဲ၊ အသားတု၊ ဂျယ်လီအစရှိသော စားသောက်ကုန်များ၊ စက်မှုကုန်ကြမ်းများ၊ အလှကုန်ပစ္စည်းများအဖြစ်ထုတ်လုပ်မှုအပြင် ကျန်းမာရေးအတွက် အထူးသင့်လျော်သော သဘာဝလက်ဆောင်ဖြစ်သည့်အတွက် တိုင်းရင်းဆေးနှင့်ခေတ်မီဆေးဝါးများတွင်လည်း ထုတ်လုပ်လာကြသည်။ နိုင်ငံပို့ကုန်မြှင့်တင်ရန်နှင့် နိုင်ငံခြားဝင်ငွေရှာဖွေရန်အတွက် မွန်ပြည်နယ်၏ ရေ၊မြေနှင့် ကိုက်ညီပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ခိုင်မာ၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေနှင့် အကျိုးအမြတ်ပိုမိုရရှိသော ဒေသထွက်ကုန်အမယ်အသစ် သီးနှံဖြစ်ပါသည်။

    မွန်ပြည်နယ်မှထွက်ရှိသော ဝဥ(အဝါ)သည် ပြည်ပဝယ်လက်များတွင် အရည်အသွေးပိုင်း ကောင်းမွန်သောကြောင့် ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိနေပါသည်။ ယင်းအခြေအနေများကြောင့် ဝဥ များကို အပင်မကျသေးဘဲ တူးဖော်ခြင်းမပြုလုပ်ရန်နှင့် အပင်ကျမှသာလျှင် တူးဖော်ကြရန် တူးပြီးသား ဝဥများကိုလည်း အချိန်ကြာမြင့်စွာ သိုလှောင်ထားခြင်းမျိုး မပြုလုပ်ကြရန် လတ်ဆတ်သောဝဥများကို ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မှသာ ဈေးကောင်းပိုမိုရရှိမည်ဖြစ်ပါသည်။ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးလာမှသာ ပြည်နယ်နှင့်နိုင်ငံတော်၏ ကုန်သွယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများနှင့် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက်ရှိ ပါဝင်နေသူများအားလုံး ပူးပေါင်းဆွေးနွေးဆောင်ရွက်ကြခြင်းဖြင့် လိုအပ်ချက်များ၊ အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး မွန်ပြည်နယ်၏ အမယ်သစ်သီးနှံ ဝဥ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချမှုတွင် များစွာအထောက်အကူဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မွန်)