၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်၌ ဆန်ဈေးနှုန်းများ မြင့်တက်မည်ဟု ထိုင်းကုန်သည်များခန့်မှန်း

Powered by Drupal

    အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် အိန္ဒိယ၏ဆန်တင်ပို့မှု ကန့်သတ်ချက်များကြောင့် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာမည်ဟု ဆန်တင်ပို့သူများအနေဖြင့် မျှော်လင့်ထားကြောင်း သိရှိရသည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့ပြီးနောက် ပြည်တွင်းဆန်စျေးနှုန်းများ မြင့်တက်မှုနှင့် ရာသီဥတုအခြေအနေကြောင့် ဆန်ပြတ်လပ်မည်ကို စိုးရိမ်သဖြင့် ဘာစမာတီနှင့် ပေါင်းဆန်များ တင်ပို့မှုအပေါ် ကန့်သတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။ အဆိုပါကန့်သတ်မှုများ ချမှတ်ပြီးချိန်မှစ၍ ကမ္ဘာ့ဆန်ဈေးသည် ၁၅% မှ ၂၅% အထိ မြင့်တက်လာခဲ့သည်။

     ထိုင်းနိုင်ငံ၏ ဆန်တင်ပို့သူများအနေဖြင့် အထူးသဖြင့် အရှေ့တောင်အာရှ ဈေးကွက်များ ဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများသာမက အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ ဆန်ဖြူအမြောက်အမြား တင်ပို့ရန် ကတိကဝတ်ပြုထားသောကြောင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဆန်တန်ချိန် ၂.၅ သန်း တင်ပို့နိုင်ခဲ့ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse ၏ ပြောကြားချက်အရ သိရသည်။

     ကမ္ဘာ့ဆန်ဈေးနှုန်း စံချိန်တင်မြင့်မားနေချိန်၌ ကျဆင်းလာခဲ့သော ပြည်တွင်းရောင်းလိုအား ကို ကုစားပေးရန်အတွက် အမေရိကန်နှင့် အာရှနိုင်ငံများရှိ ဆန်ဖြူနှင့်ဆန်မွှေး တင်သွင်းသူများ၏ ဝယ်လိုအားမှာ ခိုင်မာအားကောင်းလာမည်ဟု မျှော်လင့်ကြောင်း၊ ထိုင်းဆန်၏ ရောင်းလိုအား အနေဖြင့် လုံလောက်နေဆဲဖြစ်ပြီး ဘတ်ငွေသည် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက တန်ဖိုးကျဆင်းနေ သဖြင့် ထိုင်းဆန်ဈေးနှုန်းများမှာ အခြားဆန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အခြေအနေရှိကြောင်း၊ ယင်းအချက်က ဆန်တင်သွင်းသူများအား ထိုင်းဆန်ကို ရွေးချယ်လာစေကြောင်းဖြင့် Mr Chookiat က ဆက်လက်ပြောကြားခဲ့သည်။

       ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် ထိုင်းဆန်ဖြူသည် ၆၀၁ အမေရိကန်ဒေါ်လာနှုန်းရှိပြီး ဗီယက်နမ်ဆန်သည် ၅၈၂ ဒေါ်လာမှ ၅၈၆ ဒေါ်လာအကြားနှင့် ပါကစ္စတန်ဆန်သည် ၆၀၅ ဒေါ်လာမှ ၆၀၉ ဒေါ်လာအကြား အသီးသီး ရှိနေကြောင်း သိရှိရသည်။ ပေါင်းဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် ထိုင်းပေါင်းဆန်သည် ၆၀၆ ဒေါ်လာ၊ အိန္ဒိယပေါင်းဆန် သည် ၅၅၁ ဒေါ်လာမှ ၅၅၅ ဒေါ်လာအထိနှင့် ပါကစ္စတန်ပေါင်းဆန်သည် ၆၁၈ ဒေါ်လာမှ ၆၂၂ ဒေါ်လာအထိ အသီးသီးရှိကြောင်း သိရသည်။

      ဗီယက်နမ်၏ ကောက်ရိတ်သိမ်းရာသီသည် မတ်လတွင် စတင်ပြီး ပို့ကုန်များ ယှဉ်ပြိုင်၍ တင်ပို့မှု တိုးလာခြင်းကြောင့် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်၌ ထိုင်းဆန်ပို့ကုန်ပမာဏ အနည်းငယ် ကျဆင်းသွားနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဆန်ဖြူတင်ပို့မှုအပေါ်တားမြစ်မှု တည်ရှိနေသည်နှင့်အမျှ ထိုင်းဆန်ဈေးနှုန်းများသည် ယခုနှစ် ပထမနှစ်ဝက်တွင် အတန်အသင့်မြင့်မားနေမည်ကို ပြည်တွင်း ဆန်တင်ပို့သူများအနေဖြင့် အပြုသဘောရှုမြင်သင့်ကြောင်း Mr Chookiat က ပြောကြားခဲ့သည်။

    ယခုနှစ် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ဖိုး ဘတ် ၁၈၀ ဘီလီယံနှင့် တန်ချိန် ၈ သန်း အထိ ရှိလာနိုင်ပြီး ယခင်လက ခန့်မှန်းထားသည့် ဆန်တင်ပို့မှု ခန့်မှန်းတန်ဖိုး ဘတ် ၁၅၀ ဘီလီယံ နှင့် တန်ချိန် ၇.၅ သန်းထက် ကျော်လွန်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည်  အစောပိုင်း၌ ခန့်မှန်းထားသည့် ဆန်တန်ချိန် ၂ သန်းကို ကျော်လွန်၍ တန်ချိန် ၃.၆ သန်းအထိ ဆက်လက်တင်သွင်းမည်ဟု မျှော်မှန်းရကြောင်း Mr Chookiat၏ ပြောကြားချက်အရ သိရသည်။

     အင်ဒိုနီးရှားသည် ဆန်တန်ချိန် ၂၀၀၀၀၀ ဝယ်ယူရန် မကြာသေးမီက တင်ဒါခေါ်ယူခဲ့ရာ ထိုင်းနိုင်ငံအနေဖြင့် တန်ချိန်တစ်သိန်းအတွက် လေလံအောင်မြင်ခဲ့ကြောင်း၊ ၎င်း၏နောက်တွင် ပါကစ္စတန်နှင့် ဗီယက်နမ်တို့မှလည်း အသီးသီး လေလံအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

Source: Bangkok Post, 8 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)