အိန္ဒိယနှင့် ပါကစ္စတန်အကြား ဘာစမာတီဆန် မူပိုင်ခွင့် အငြင်းပွား

Powered by Drupal

    အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဘာစမာတီဆန်မူပိုင်ခွင့်နှင့်ပတ်သက်၍ အငြင်း ပွားလျက်ရှိကြပါသည်။ အိန္ဒိယစိုက်ပျိုးရေးသုတေသနသိပ္ပံ (Indian Agricultural Research Institute - IARI) က  ပါကစ္စတန်နိုင်ငံအား အိန္ဒိယနိုင်ငံမှ မူပိုင်ခွင့်ပိုင်ဆိုင်ထားသည့် ဘာစမာတီ ဆန်စပါးများကို တရားမဝင်စိုက်ပျိုးနေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ထိုသို့ပြောဆိုခြင်းမှာ အိန္ဒိယ နိုင်ငံရှိ လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အိန္ဒိယနိုင်ငံမှ သုတေသီများ အနေ ဖြင့် နိုင်ငံတကာဈေးကွက်တွင် ဘာစမာတီဆန်များ ဈေးအမြင့်ရစေရန် ဘာစမာတီဆန်စပါး မျိုးကွဲများ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စေရေးနှင့် ပိုးမွှားများနှင့် ရောဂါအန္တရာယ် များကို ကြံ့ကြံ့ခံနိုင်စေရေးတို့အတွက် ကြိုးပမ်းလျက်ရှိကြကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည် နိုင်ငံတကာဈေးကွက်တွင် ဘာစမာတီဆန်များကို နိမ့်ကျသောဈေးဖြင့် ရောင်းချနေခြင်းသည် အိန္ဒိယနိုင်ငံကဲ့သို့သော ပရီမီယံဘာစမာတီဆန် ရောင်းချနေသည့်နိုင်ငံ၏ နာမည်ဂုဏ်သတင်းကို ထိခိုက်နစ်နာစေကြောင်း ပြောကြားခဲ့ပါသည်။

     အိန္ဒိယနိုင်ငံသည် ယခင်ကတည်းက ဥရောပကော်မရှင်တွင် ဘာစမာတီဆန်နာမည်ဖြင့် သီးခြားအခွင့်အရေး ရရှိရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံ အကြား နိုင်ငံတကာဆန်ဈေးကွက်တွင် ဒေါ်လာငွေတန်ဖိုးအရ ဈေးနှုန်းမြင့်မားစွာရရှိစေသည့် ဘာစမာတီဆန် ဝယ်လိုအား အတွက် ပြင်းထန်စွာယှဉ်ပြိုင်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြားအငြင်းပွား လျက်ရှိနေပါသည်။

       ဘာစမာတီဆန်ကို အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်နိုင်ငံတို့မှ အဓိကဝယ်ယူနေကြပြီး ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယ နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်တွင် ၆၅ ရာခိုင်နှုန်း ဝေစုပါဝင်ကာ ကျန် ၃၅ ရာခိုင်နှုန်းကို ပါကစ္စတန် နိုင်ငံမှ ဝေစုရယူထားရှိပါသည်။ ဘာစမာတီဆန်သည် အိန္ဒိယနိုင်ငံ၏ အဓိကဝင်ငွေကို ရှာဖွေပေး လျက်ရှိနေပြီး ဆန်စပါးထုတ်လုပ်မှုတိုးတက်လာမှုနှင့်အတူ ဈေးနှုန်းများမြင့်မားလာမှုကြောင့် ၂ဝ၂၃ ခုနှစ်တွင် ဒေါ်လာ ၅.၄ ဘီလီယံ စံချိန်တင်ရရှိခဲ့ကာ ၂ဝ၂၂ ခုနှစ်ထက် ၂၁ ရာခိုင်နှုန်း နီးပါး တိုးတက်လာခဲ့ပါသည်။

      သို့ရာတွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ ကျဆင်းလာခဲ့ပြီး ပင်လယ်နီတွင် သင်္ဘောတင်ပို့မှုအခက်အခဲများရှိခြင်း၊ သင်္ဘောသယ်ယူခ စရိတ်များ မြင့်တက်လာ ခြင်းတို့နှင့်အတူ ဝယ်ယူသူများမှ အဝယ်နှောင့်နှေးမှုတို့ကြောင့် နောင်ကာလ၌ ဆန်တင်ပို့မှု ပိုမို ကျဆင်းလာနိုင်ဖွယ်ရှိပါသည်။ ကုန်သည်များ၏ ပြောကြားချက်အရ ၂ဝ၂၄ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံတွင် မိုးရွာသွန်းမှုလျော့နည်းနိုင်ခြေက ဆန်အထွက်နှုန်းအပေါ် ထိခိုက်မည်ဟု လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ၌ သတိပေးပြောကြားခဲ့ကြောင်းနှင့် ၂ဝ၂၃ ခုနှစ်တွင် ဆန်တင်ပို့မှု ကန့်သတ်ခဲ့ခြင်းများကြောင့် ဆန်တင်ပို့မှုအပေါ် အရှိန်လျော့နည်းစေခဲ့ကြောင်း သိရှိရပါသည်။

      အိန္ဒိယနိုင်ငံသည် ၂ဝ၂၃ ခုနှစ်တွင် ဘာစမာတီဆန် မက်ထရစ်တန် ၄.၉ သန်း တင်ပို့နိုင်ခဲ့ သော်လည်း ယခုနှစ်တွင် ဆန်အထွက်နှုန်းလျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ပါကစ္စတန်နိုင်ငံ မှာမူ ၂၀၂၃ ခုနှစ်တွင် ဘာစမာတီဆန်တန်ချိန် ၅ သန်းတင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ် တင်ပို့ခဲ့သော ဆန်တန်ချိန် ၃.၇ သန်းထက် ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း အစီရင်ခံစာများ၌ ဖော်ပြထား ပါသည်။ 

      All India Rice Exporters’ Association မှ ယခင်ဥက္ကဌဟောင်းဖြစ်သူ Vijay Setia က အသင်းအနေဖြင့် ပါကစ္စတန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဘာစမာတီ ဆန်စပါးစိုက်ပျိုးသူများကို ဥပဒေကြောင်းအရ တင်းကြပ်သောရေးယူဆောင်ရွက်များ ပြုလုပ်သွား ရန် တောင်းဆိုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့သူများသည် ယခင်နှစ်က ဆန်တစ်တန်လျှင် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၉၅ဝ သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင် ဒေါ်လာ ၁၂ဝဝ အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန် ၈ဝ ရာခိုင်နှုန်းကျော်ကို အဆိုပါအနိမ့်ဆုံးပို့ကုန် ဈေးနှုန်းထက် လျော့နည်းတင်ပို့ရောင်းချခဲ့သဖြင့် ပါကစ္စတန်နိုင်ငံမှ အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

       ပါကစ္စတန်နိုင်ငံသည် ဘာစမာတီဆန်စိုက်ဧကကို သိသာစွာ တိုးချဲ့စိုက်ပျိုးလျက်ရှိသဖြင့် ဆန်အထွက်ပမာဏ မြင့်တက်လာဖွယ်ရှိပြီး အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့ဆန် ဈေးကွက်ဝေစုကို လွှမ်းမိုး လာနိုင်ဖွယ်ရှိသည်။ သို့ဖြစ်ရာ အချို့သော အိန္ဒိယကုန်သည်များက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါကစ္စတန်နိုင်ငံ၏ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် ချိုးဖောက်သောကိစ္စရပ်များကို အရေးယူ ဆောင် ရွက်နိုင်ရေးအတွက် တင်ပြသွားရန် တောင်းဆိုလျက်ရှိကြပါသည်။

      ပါကစ္စတန် ကုန်သည်များဘက်ကမူ မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်မှုမရှိကြောင်း ငြင်းဆို လျက်ရှိကြသည်။ အစ္စလာမ်မာဘတ်မြို့ အခြေစိုက် ဆန်စပါးလုပ်ငန်းရေးရာ ကျွမ်းကျင်သူ Hamid Malik က ပါကစ္စတန်နိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော ဘာစမာတီဆန်မှာ အိန္ဒိယနိုင်ငံတွင် စိုက်ပျိုး သော ဘာစမာတီဆန်နှင့် ထပ်တူမကျပဲ ဥရောပနှင့် ဗြိတိန်နိုင်ငံတို့တွင် ရောင်းချရန် ခွင့်ပြုချက် ရရှိထားသည့် Kissan ဘာစမာတီဆန် အမျိုးအစားဖြစ်ကြောင်းနှင့် တူညီသောပင်ရင်းစပါးမျိုးမှ ဆင်းသက်လာသော်လည်း အဆင့်မြှင့် တင်ထားသောစပါးအမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

        ပါကစ္စတန်နိုင်ငံသည် ၂ဝ၁၈ ခုနှစ်၌ ဥရောပကော်မရှင်တွင် ဘာစမာတီဆန်ဝေါဟာရကို ပထဝီကုန်အညွှန်းအမှတ်အသား သီးခြားမူပိုင်ခွင့် ရရှိရေးအတွက် အိန္ဒိယနိုင်ငံ၏အရေးဆိုမှုကို ပြန်လည်ချေပပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် အခက်အခဲပြဿနာ တစ်စုံတစ်ရာရှိပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အရေးဆိုနိုင်ကြောင်း Malik က ပြောကြားခဲ့ပါသည်။

Source: Asia Nikkei, 8 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)