ဆန်တင်ပို့မှု ကန့်သတ်ချက်ကို အိန္ဒိယအစိုးရ ဖြေလျှော့ပေးဖွယ်ရှိ

Powered by Drupal

     အိန္ဒိယနိုင်ငံတွင် ဆန်ကုန်လက်ကျန် များပြားပိုလျှံမှုရှိပြီး မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုမည့် မုတ်သုံရာသီဥတု ခန့်မှန်းချက်အရ မိုးသီးနှံရာသီ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေဖွယ်ရှိ သဖြင့် အစိုးရအနေဖြင့် ယခင်နှစ်၌ ချမှတ်ခဲ့သော ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။

   မုတ်သုံမိုးသည် ကီရာလာပြည်နယ် ကမ်းခြေသို့ ရှေ့လာမည့်လတွင် စတင်ဝင်ရောက်မှုနှင့် အတူ စုစုပေါင်းစပါးထွက်ရှိမှု၏ ၈ဝ% ကို စိုက်ပျိုးထုတ်လုပ်သော မိုးစပါးကို ဇွန်လနှင့် ဇူလိုင်လများ တွင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ယခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်အထက်တွင်ရှိနိုင်ပြီး  မိုးရွာ သွန်းမှု ဖြစ်ပေါ်နိုင်ခြေ၏ ၉ဝ% ခန့်မှာ ပုံမှန်အဆင့်မှ ပိုမိုသည့်အဆင့်တို့ အကြားတွင်ရှိနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဧပြီလ၌ ခန့်မှန်းထားခဲ့ပါသည်။ ယခင်နှစ်တွင် မိုးရွာသွန်းမှုမှာ နေရာ ကွက်ကျား ရွာသွန်းခဲ့ပြီး ပုံမှန်ထက်လျော့နည်းခဲ့သဖြင့် စပါးထွက်ရှိမှုကို ထိခိုက်ခဲ့ပါသည်။

    မတ်လအတွင်း ဆန်လက်လီဈေးနှုန်းများမှာ နှစ်အလိုက် ၁၂.၆၉% မြင့်တက်ခဲ့သော်လည်း မြင့်မားသည့် အခြေပြုသက်ရောက်ချက်ရှိမှုအရ လာမည့်လအနည်းငယ်အတွင်း ဆန်ဈေးနှုန်းများ ဖောင်းပွမှုမှာ လျော့ပါးသက်သာဖွယ်ရှိပါသည်။ ဆန်ဈေးနှုန်းများ ဖောင်းပွမှုသည် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ကတည်းမှစတင်၍ ကိန်းဂဏန်း ၂ ခုအဆင့်အထိ ဖြစ်ပေါ်နေခဲ့ပါသည်။

    လက်ရှိအရန်ဆန်ဝယ်ယူရေးကာလ (အောက်တိုဘာလ - စက်တင်ဘာလ) အတွင်း ဝယ်ယူရရှိသော ပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇% လျော့နည်းလျက်ရှိသော်လည်း အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းသည် ဇူလိုင်လ ၁ ရက်နေ့အထိ ကာလအတွက် ထားရှိရန် လိုအပ်သောပမာဏ တန်ချိန် ၁၃.၅၄ သန်းထက် ၄ ဆခန့်ပိုမိုလျက် အရန်ဆန်တန်ချိန် ၅၃.၁၉ သန်းကို သိုလှောင်ထားပြီးဖြစ်သည်။ ၎င်းပမာဏအနက် ဆန်တန်ချိန် ၃၁.၈၁ သန်းကို လက်ဝယ် ထားရှိပြီး ကျန်တန်ချိန် ၂၁.၃၈ သန်းကို ဆန်စက်လုပ်ငန်းရှင်များထံမှ ရရှိမည်ဖြစ်ပါသည်။ အိန္ဒိယ စားနပ်ရိက္ခာကော်ပိုရေးရှင်းသည် Bharat ဆန်ကို ရောင်းချရန်အတွက် NAFED ၊ NCCF နှင့် Kendriya Bhandar စသည့် အဖွဲ့အစည်းများထံမှ ဆန်တန်ချိန် ၁.၅ သန်း အတွက် ဝယ်ယူမှု အမှာစာများကို လက်ခံရရှိထားသည်။ အဆိုပါအဖွဲ့အစည်းများသည် ဆန်တန်ချိန် ဝ.၇၁ သန်းကို လက်လီအရောင်းဆိုင်များသို့ ရောင်းချဖြန့်ဖြူးသွားမည်ဖြစ်ပါသည်။ 

     အိန္ဒိယအစိုးရသည် ယခင်နှစ်၌ ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး ဆန်ဈေးနှုန်းများ မှာ ဆက်လက်မြင့်မားနေသဖြင့် ပြည်တွင်းရောင်းလိုအားတိုးတက်စေရန် ပေါင်းဆန်တင်ပို့မှု အပေါ် အခွန် ၂ဝ% ကောက်ခံခဲ့ပါသည်။ သို့သော် အိန္ဒိယအစိုးရသည် နိုင်ငံအချို့၏ တောင်းဆိုမှု အရ စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်ပြည့်မီစေရန် ဆန်တင်ပို့မှုကို  အခါအားလျော်စွာ ခွင့်ပြုပေးခဲ့ပါသည်။ ရနံ့မွှေးပျံ့သောဘာစမာတီဆန်၏ လက်ရှိ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ် ချက်မှာ ၁ တန်လျှင် ဒေါ်လာ ၉၅ဝ ဖြစ်ပါသည်။ ၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၁ဝဝ ကျော်သို့ ဆန်တန်ချိန် ၂၂ သန်းကို စံချိန်တင် တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ခဲ့သဖြင့် ဆန်တင်ပို့မှုပမာဏမှာ တန်ချိန် ၁၆ သန်းသို့ လျော့နည်း ကျဆင်းခဲ့ပါသည်။

     အိန္ဒိယနိုင်ငံသည် ၂ဝ၁၂ ခုနှစ်ကတည်းက ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်ခဲ့ပြီး တန်ချိန် ၅၂ သန်းမှ ၅၄ သန်းအထိရှိသော နှစ်စဉ်ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် ဝေစု ၄ဝ% ကျော် ပါဝင်ခဲ့ပါသည်။ လက်ရှိ ဝယ်ယူရေးရာသီဖြစ်သော ၂ဝ၂၃-၂၄ ခုနှစ် (အောက်တိုဘာ-စက်တင်ဘာ) အတွင်း အစိုးရအေဂျင်စီများ၏ စပါးဝယ်ယူမှုမှာ တန်ချိန် ၆၈.၅၉ သန်း (ညီမျှသည့် ဆန်တန်ချိန် ၄၅.၉၅ သန်း) ရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလထက် ၇% လျော့နည်းခဲ့ပါသည်။

     အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများသည် ဆောင်းသီးနှံများအား ဈေးကွက်တင်ရောင်းချသည့် ရာသီကာလအတွင်း ဩဒိသျှ၊ တဲလန်ဂါနာ၊ တမီနာဒူနှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များမှ အရန်ဆန် တန်ချိန် ၁၀ သန်းကို ဝယ်ယူရန် လျာထား ဆောင်ရွက်လျက်ရှိရာ အရန်ဆန်သိုလှောင်မှု လက်ကျန် ပိုမိုများပြားလာမည်ဟု ခန့်မှန်းရပါသည်။ အိန္ဒိယအစိုးရသည် ၂ဝ၂၂-၂၃ ရာသီကာလတွင် ဆန်တန်ချိန် ၅၆.၈၇ သန်းကို ဝယ်ယူခဲ့ပါသည်။ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းအနေဖြင့် ဆန်ထောက်ပံ့မှု အစီအစဉ်အရ  အကျိုးခံစားခွင့်ရှိသည့် လူဦးရေ သန်း ၈၀၀ သို့ ဖြန့်ဝေပေးရန်အတွက်  နှစ်စဉ်ဆန်တန်ချိန် ၄ဝ သန်းကို စုဆောင်းရန် လိုအပ်လျက်ရှိပါသည်။

Source: Financial Express, May 13, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)