ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်ကိုကိုတို့ပူးပေါင်း၍ ၂၉-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် အမှတ်(၆၇)၊ နှင်းဆီလမ်းနှင့် ဧရာဝတီလမ်းထောင့်၊ အလုံမြို့နယ်ရှိ မေတ္တာအလင်းရောင်ဆေးကုမ္ပဏီမှ မန်နေဂျာနှင့်သွားရောက်တွေ့ဆုံကာ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့်ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီသည် အကိုက်ခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး(၂) မျိုးသာ အိန္ဒိယနိုင်ငံမှ တင်သွင်းဖြန့်ချိရောင်းချသော ကုမ္ပဏီဖြစ်ကြောင်း၊ အဆိုပါနိုင်ငံမှ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)