အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ မက်ထရစ်တန် ၃၅၀,၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း ၎င်း၏ သတ္တမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို သြဂုတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
စက်တင်ဘာလတွင် သီးနှံရာသီအသစ်မှ ဆန်များ ဈေးကွက်ဝင်ရောက်လာမည်ဖြစ်ပြီး ၎င်း တို့၏ စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိမှုအရ ပါကစ္စတန် ဆန်ရောင်းချသူများသည် ယခုတင်ဒါခေါ်ယူမှု ကို အလားအလာကောင်းမွန်သော အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်လျက်ရှိကြသည်။ ဗီယက်နမ် ၏ ဆန်ရောင်းလိုအား လျော့နည်းလာသည်နှင့်အမျှ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ အကြား ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ်ရှိပါသည်။
Bulog ၏ အဝယ်တင်ဒါသည် ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် တို့မှ ဆန်များကို စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ဝယ်ယူတင်သွင်းရန် လျာထား ကြောင်း၊ ၂၀၂၄ ခုနှစ် သီးနှံရာသီ (အောက်တိုဘာမှ စက်တင်ဘာလ) ကာလ၌ ထွက်ရှိသော စပါး များအား လွန်ခဲ့သော ခြောက်လအတွင်း ကြိတ်ခွဲရရှိသည့်ဆန်များကိုသာ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်မှု ရလဒ်များကို စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရပါသည်။
၂၀၂၄ ပြက္ခဒိန်နှစ်အတွင်း အင်ဒိုနီးရှားသည် ယခုအချိန်အထိ ဆန်အဝယ်တင်ဒါ ၇ ကြိမ် ခေါ်ယူထားပြီး ပထမခေါ်ယူထားသည့် တင်ဒါ ၆ ခုတွင် တစ်နှစ်တာ တင်သွင်းခွင့်ရန် ခွဲတမ်း သတ်မှတ်ချက်၏ ထက်ဝက်ကျော်ရှိသော ဆန်မက်ထရစ်တန်ချိန် ၂ သန်း ကို ဝယ်ယူပြီးဖြစ်သည်။ ဗီယက်နမ်၊ ထိုင်း၊ မြန်မာနှင့် ပါကစ္စတန် နိုင်ငံတို့သည် ယခုနှစ်တွင် အင်ဒိုနီးရှားသို့ အဓိက ဆန်ပေးသွင်းသူများ ဖြစ်ကြသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ယခင်နှစ် တင်သွင်းခဲ့သော ဆန် တန်ချိန် ၃.၈ သန်းအောက် လျှော့ချလျက် ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းခွင့်ခွဲတမ်းကို တန်ချိန် ၃.၆ သန်း သတ်မှတ်ထားသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ ခြောက်သွေ့သော အခြေအနေ များကြောင့် သီးနှံများရိတ်သိမ်းမှုနှောင့်နှေးလျက် နိုင်ငံ၏ စပါးအထွက်ပမာဏ လျော့နည်းနိုင်ခြင်း နှင့် ကမ္ဘာ့ဆန်ထောက်ပံ့ပေးသွင်းမှုမှာ အကန့်အသတ်များ ရှိခြင်းကြောင့် အဆိုပါ ဆန်ခွဲတမ်း ပမာဏအားလုံးကို အပြည့်အဝ သုံးစွဲရနိုင်ကြောင်း သိရပါသည်။
ဗီယက်နမ်၏ ဆန်ပေးသွင်းနိုင်မှုမှာ ပြတ်လပ်တော့မည်ဖြစ်ပြီး ယခုအချိန်သည် ထိုင်းနှင့် ပါကစ္စတန်တို့၏ ကစားပွဲ ဖြစ်လာနိုင်ကြောင်း၊ ထိုင်းဘတ်ငွေ တန်ဖိုး ခိုင်မာအားကောင်းလျက်ရှိပြီး ထိုင်းနိုင်ငံ၌ ဈေးနှုန်းများ မြင့်တက်တက်လာခဲ့ရာ ပါကစ္စတန်အနေဖြင့် ထိုင်းနိုင်ငံကို ရွေးချယ်မည့် ဝယ်လက်များကို ဆွဲဆောင်ရန် လျှော့ဈေးဖြင့် ကမ်းလှမ်းလျက် ကြိုးစားလိမ့်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် တင်သွင်းသည့်ဆန်များအား အင်ဒိုနီးရှားသို့ စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း ဆိုက်ရောက်ရမည့် တင်းကျပ်သော အချိန်ဇယားကြောင့် ပါကစ္စတန်၏ ဆန်တင်ပို့နိုင်မည့် အလားအလာမှာ ကောင်းမွန်လျက်ရှိကြောင်း၊ သို့သော် ယခင်အကြိမ်များတွင် ဆန်တင်ပို့သူများ နှင့် Bulog အဖွဲ့တို့ နှစ်ဖက်လုံး၌ သင်္ဘောတင်ပို့မှုမှာ နှောင့်နှေးမှုများရှိခဲ့ကြောင်း၊ ပါကစ္စတန်သည် ဤမျှကြီးမားသော ပမာဏကို ရောင်းချနိုင်သည့် အခြားနေရာ သို့မဟုတ် အခွင့်အလမ်းများစွာ မရှိ သောကြောင့် ယခုတင်ဒါ၌ အောင်မြင်မှုရရှိရေးကို အပူတပြင်း ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်းဖြင့် ပါကစ္စတန် အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။
ပါကစ္စတန်၏ ဆန်ပို့ကုန်များအတွက် ကာလတိုအလားအလာမှာ တိုးတက်မှုရှိသော်လည်း ယခင်တင်ပို့မှုများ၌ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ခြင်းမှာ စိုးရိမ်စရာအဖြစ် ရှိနေသေးသည်။ သီးနှံ အသစ်များ ဈေးကွက်ဝင်ရောက်လာမှုမှာ အကန့်အသတ်ရှိခြင်းက စိန်ခေါ်မှုများရှိလာနိုင်ကြောင်း ပါကစ္စတန်ဆန်မှ တင်ပို့သူအချို့က သတိပေးထားသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများသည် Bulog မှ တင်ဒါရလဒ်များ ကြေညာခြင်း မပြုမီအထိ တည်ငြိမ်နေနိုင်သည်ဟု မျှော်လင့်ရသည်။ လက်ရှိကာလတွင် ဗီယက်နမ်ဆန်သည် ထိုင်းနိုင်ငံ ထက် ဈေးပိုမြင့်နေသော်လည်း ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များသည် ယခင်ကကဲ့သို့ ဈေးနှုန်း များ လျှော့ချနိုင်ခြင်း ရှိ/မရှိမှာ သေချာမှု မရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ပါကစ္စတန်သည် စျေးနှုန်းအရ ဆွဲဆောင်နိုင်မှုရှိပြီး ဆန်ပမာဏ အမြောက်အမြားရရှိနိုင်သောကြောင့် ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ဗီယက်နမ် ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
စင်္ကာပူအခြေစိုက် ကုန်သည်တစ်ဦးကလည်း ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် Bulog သို့ လျှော့ဈေးဖြင့် ရောင်းရန်မှာ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေရှိ၍ ဗီယက်နမ် ဈေးကွက်ကို ခန့်မှန်းရခက်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ယခင်အကြိမ်တင်ဒါများထက် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားမှုရှိနေသဖြင့် Bulog ၏ ယခုနောက်ဆုံးခေါ်ယူသည့်တင်ဒါတွင် အနိုင်ရနိုင်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် လာမည့်သီတင်းပတ်များတွင် ပြည်တွင်းဈေးနှုန်းများ ကျဆင်းလာနိုင်သောကြောင့် ပို့ကုန်ဈေးနှုန်း များလည်း ကျဆင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ လက်ရှိအချိန်တွင် Bulog သည် ဈေးကွက်အတွင်း ဆန်ဝယ်ယူနေသည့် တစ်ဦးတည်းသော ဝယ်သူဖြစ်ပြီး အခြားဝယ်ယူသူများသည် အိန္ဒိယ ၏ ဆန်တင်ပို့မှုပိတ်ပင်ခြင်းဆိုင်ရာ အချက်အလက်များ ပိုမိုရှင်းလင်းစွာသိရသည်အထိ စောင့်ဆိုင်းလျက်ရှိကြောင်းဖြင့် ထိုင်းသတင်းရင်းမြစ်တစ်ခုက ဖော်ပြထားသည်။ သို့သော်လည်း ယခု တင်ဒါကြောင့် ထိုင်းဆန်ဈေးနှုန်းများမှာ မြင့်တက်နေသည်ဟု အခြားသော ထိုင်းဆန်ကုန်သည် တစ်ဦးက မှတ်ချက်ပြု ပြောဆိုခဲ့သည်။
S&P Global Commodity Insights ၏ လုပ်ငန်းရပ်တစ်ခုဖြစ်သော Platts အဖွဲ့က သြဂုတ် လ ၂၃ ရက်နေ့တွင်ကုန်ဆုံးသည့် သီတင်းပတ်အတွင်း ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ထိုင်းဆန်ဖြူတစ်တန်လျှင် သင်္ဘောပေါ်အရောက် FOB ဈေးနှုန်းသည် ၁၁ ဒေါ်လာမြင့်တက်လျက် ဒေါ်လာ ၅၇၀ နှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်၏ ဆန်ကွဲ ၅% ပါသောဆန်ဖြူသည်လည်း အလားတူကာလတွင် FOB ဈေးနှုန်း တစ်တန်လျှင် ၅၆၄ ဒေါ်လာဖြင့် ၁၀ ဒေါ်လာ မြင့်တက်လာခဲ့ကြောင်း၊ ဆန်ကွဲ ၅% ပါသော ပါကစ္စတန်ဆန်ဖြူ တစ်တန်၏ FOB ဈေးနှုန်းမှာမူ ပြောင်းလဲမှုမရှိပဲ ဒေါ်လာ ၅၄၀ နှုန်းဖြင့် ယခင်သီတင်းပတ်ကအတိုင်းရှိနေသည်ဟု အကဲဖြတ်ခဲ့ကြောင်း သိရပါသည်။
Source: S&P Global, 23 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)