ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက စားသုံးဆီပြုပြင်ထုတ်လုပ်သူများအား လက်လီရောင်းဈေးနှုန်းများကို ထိမ်းထားရန်ပြောကြား

Powered by Drupal

       ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက စားသုံးဆီပြုပြင်ထုတ်လုပ်သူများအား ထုတ်လုပ်မှုကုန်ကျစရိတ်များကိုသက်ရောက်သည့် အကြောင်းရင်းများမရှိသောကြောင့် ဈေးနှုန်းများမြှင့်တင်ခြင်းမပြုရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ပဲပိစပ်ဆီထုတ်လုပ်သူများက ပဲပိစပ်ဆီပုလင်းဈေးနှုန်းကို မြှင့်တင်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါပြီးနောက်တွင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Goranij Nonejuie က ဌာနသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေသည့်အကြောင်းများမရှိသောကြောင့် ပဲပိစပ်ဆီထုတ်လုပ်သူများက ရောင်းချသည့်ဈေးနှုန်းမြှင့်တင်ခြင်းကိုတားမြစ်ရန် ထိုင်းနိုင်ငံပဲပိစပ်နှင့် Rice Bran ဆီပြုပြင်ထုတ်လုပ်သူများအသင်းအား စာပို့ထားကြောင်းပြောကြားခဲ့ပါသည်။ ကုန်ပစ္စည်းများအား ဈေးနှုန်းအလွန်မြှင့်တင်ခြင်း၊ မရောင်းချဘဲ သိုလှောင်ထားခြင်းတို့သည် ထိုင်းနိုင်ငံ၏ ၁၉၉၉ ကုန်စည်နှင့် ဝန်ဆောင်မှုအက်ဥပဒေနှင့် ငြိစွန်းသောကြောင့် ဥပဒေ ချိုးဖောက်ခြင်းဟု ယူဆရကြောင်းသိရပါသည်။ Mr.Goranij က စားသုံးသူများသည် ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန်တင်ပါက ဌာန၏ Hot Line နံပါတ်နှင့် စီးပွားကူးသန်းရုံးများတွင် တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ဌာနသည် စားသုံးသူများကုန်ကျစရိတ်လျှော့ချရာတွင် ကူညီရန် ပရိုမိုးရှင်းပွဲများကျင်းပခြင်းနှင့် ထုတ်ကုန်များဈေးလျှော့ပေးခြင်းတို့တွင် လက်လီ နှင့် လက်ကားစတိုးဆိုင်များထံမှ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ အေဂျင်စီသည်လည်း ပဲပိစပ်ဆီဈေးနှုန်းများ မမျှတစွာ အကြောင်းအရင်းမရှိဘဲ မြှင့်တင်ခြင်းမှ ကာကွယ်ရန်အတွက် ဈေးနှုန်းစောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စီးပွားကူးသန်းရုံးများနှင့် လုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ စားအုန်းဆီနှင့်ပတ်သက်၍ ဌာနသည် စားအုန်းဆီပုလင်း ရောင်းချသည့် ဈေးနှုန်းများအားထိန်းသိမ်းရန် လက်လီနှင့် လက်ကားစတိုးဆိုင်များထံမှ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့် စစ်ဆေးရေးအရာရှိချုပ်ဖြစ်သူ Wittaya Maneenet က စားသုံးသူများအတွက် ဈေးနှုန်းပြင်ဆင်မှုကို ဆိုင်းငံ့ထားရန်နှင့် ကုန်လက်ကျန်အနေအထားကို စီမံခန့်ခွဲရန် များစွာသော လက်လီရောင်းချသူများနှင့် စားအုန်းဆီကြိတ်ခွဲစက်ရုံလုပ်ငန်းရှင်များအသင်းတို့နှင့် ဆွေးနွေးမှုများဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါသည်။ ဈေးနှုန်းကစားခြင်းကိုကာကွယ်ရန် ဌာနသည် ဥပဒေချိုးဖောက်သူများအနေဖြင့် ထောင် ၇နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်၁၄၀၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံးခံရနိုင်ကြောင်း သတိပေးထားသည်ဟုသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)