ထိုင်းနိုင်ငံ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကော်ပိုရေးရှင်းဖြစ်သည့် Siam Cement Group (SCG) သည် ဗီယက်နမ်ရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံတန်ကြေးရှိသည့် Long Son ရေနံဓာတုလုပ်ငန်း (LSP) ကို ဓာတုပစ္စည်းများ၏ အကျိုးအမြတ်ရရှိမှုနည်းပါးသောကြောင့် တစ်လအကြာတွင် ရပ်နားလိုက်ကြောင်းသိရပါသည်။ ဓာတုပစ္စည်းလုပ်ငန်းသည် လွန်ခဲ့သည့် လပတ်များကတည်းက ကုန်လက်ကျန်များပြားမှုနှင့် လျှော့ချရသည့်ကိစ္စရပ်များနှင့် လုံးပန်းနေခဲ့ရပြီး များစွာသောလုပ်ငန်းများအပေါ် ဖိအားများသက်ရောက်စေကြောင်းသိရပါသည်။ ပြန်လည်စတင်မည့်အချိန်သည် ကမ္ဘာ့ဝယ်လိုအားအရှိန်အဟုန်ဖြင့် မြင့်တက်မှုအပေါ် မူတည်ကြောင်း SCG ကပြောကြားခဲ့ပါသည်။ SCG သည် ရပ်နားထားသည့် ကာလကြာမြင့်ချိန်ကို ရှင်းလင်းစွာမပြောထားသော်လည်း ဓာတုလုပ်ငန်းသည် ၂၀၂၅ခုနှစ်တွင်လည်း စိန်ခေါ်မှုများဆက်ရှိနိုင်သေးကြောင်းသိရပါသည်။ စက်တင်ဘာလ ၃၀ရက်နေ့တွင်မှ ဗီယက်နမ်တွင် စတင်လည်ပတ်ခဲ့သည့် LSP သည် ဗီယက်နမ်၏ ပထမဆုံးရေနံဓာတု လုပ်ငန်းဖြစ်ပြီး Polyethylene၊ Polypropylene နှင့် အခြေခံဓာတုပစ္စည်းများထုတ်လုပ်ကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်က Reuters နှင့် အင်တာဗျူးတွင် SCG တာဝန်ရှိသူများက LSP ၏ ထုတ်လုပ်နိုင်စွမ်းသည် တန်ချိန် ၁.၃ သန်း မှ ၁.၅ သန်းထိရောက်ရှိနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Polyethylene နှင့် Polypropylene နှစ်ခုလုံးအတွက် ဗီယက်နမ်၏ စုစုပေါင်းဝယ်လိုအားသည် တန်ချိန် ၃.၃ သန်းခန့်ရှိကြောင်း ထိုအချိန်က ပြောကြားခဲ့သည်ဟုသိရပါသည်။ လွန်ခဲ့သည့်အပတ်တွင် SCG သည် ethane ကုန်ကြမ်းသိုလှောင်ရန် ထို LSP တွင် အမေရိကန်ဒေါ်လာ သန်း၇၀၀ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ကြောင်းသိရပါသည်။
Source : Bangkok Post
DOCA(ရန်ကုန်)
ထိုင်းနိုင်ငံ၏ SCG က ဗီယက်နမ်နိုင်ငံရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံတန် ရေနံဓာတုလုပ်ငန်းလည်ပတ်မှုရပ်တန့်
Powered by Drupal