စားသုံးဆီ လက်လီဈေးနှုန်းများ မြှင့်တင်ခြင်းမပြုရန် လုပ်ငန်းရှင်များသို့ ထိုင်းအစိုးရပြောကြား

Powered by Drupal

    ထိုင်းနိုင်ငံ၌ စားသုံးဆီထုတ်လုပ်သူများအနေဖြင့် လက်လီဈေးနှုန်းများကို မြှင့်တင်ခြင်းမပြု လုပ်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။

   ဘူးသွင်းပဲပုပ်ဆီဈေးနှုန်းကို တိုးမြှင့်ရန် ပဲပုပ်ဆီထုတ်လုပ်သူများက စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့အပြီးတွင် စားသုံးဆီထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားစေမည့် မည်သည့် အကြောင်းအရင်းမျှမရှိသဖြင့် ပဲပုပ်ဆီထုတ်လုပ်ရောင်းချသူများအား ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် တားမြစ်ကြောင်း ပဲပုပ်ဆီနှင့် ဖွဲနုဆီ ထုတ်လုပ်သူများအသင်းသို့ အသိပေးသည့်စာကို ၎င်းတို့ဦးစီးဌာနမှ မကြာသေးမီကာလ၌ ပေးပို့ထားပြီးဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr Goranij Nonejuie က ပြောကြားခဲ့သည်။

   ထိုကဲ့သို့သော စားသုံးဆီများကို ရောင်းချရန်ငြင်းဆိုခြင်း သို့မဟုတ် သိုလှောင်ဈေးကစား ခြင်း၊ အလွန်အကျွံ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စသည့်မသမာမှုများပြုလုပ်ပါက ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဆိုင်ရာအက်ဥပဒေ (၁၉၉၉) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် သင့်တင့်မျှတမှုမရှိသော ရောင်းချမှုများ သို့မဟုတ် ဈေးနှုန်း အလွန်အကျွံ မြှင့်တင်ခြင်းများအား တွေ့ရှိပါက ဦးစီးဌာန၏ တိုင်ကြားမှုလက်ခံရေးတယ်လီဖုန်းအမှတ် ၁၅၆၉ သို့ဖြစ်စေ ပြည်နယ်ကူးသန်းရောင်းဝယ်ရေးရုံးများသို့ဖြစ်စေ သတင်းပို့တိုင်ကြားနိုင်ကြောင်း Mr Goranij က ပြောကြားထားပါသည်။

    အဆိုပါ ဦးစီးဌာနအနေဖြင့် စားသုံးသူများ ကုန်ကျစရိတ်သက်သာစေရန်အတွက် လူထု လှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချမှုတွင် လက်လီနှင့် လက်ကား အရောင်းဆိုင်များက ပူးပေါင်းလုပ်ကိုင်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အပြင် သင့်တင့်မျှတမှု သို့မဟုတ် ခိုင်လုံသောအကြောင်းအရင်းမရှိပဲ ပဲပုပ်ဆီ ဈေးနှုန်းမြင့်တက်ခြင်း မဖြစ်ပေါ်စေရေး  ပြည်နယ်ကူးသန်းရောင်းဝယ်ရေးရုံးများနှင့် ပူးပေါင်း၍ ဈေးနှုန်းများ ထိန်း‌ကျောင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးရန်နှင့် လောင်စာဆီ ထုတ်လုပ်ရန်အတွက် လုံလောက်သည့် ဆီလက်ကျန်ရှိထားပြီးဖြစ်ရာ ဘူးသွင်း စားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေး ထိန်းသိမ်းမှုကို လက်လီနှင့် လက်ကားအရောင်းဆိုင်များက ပူးပေါင်းပါဝင် လုပ်ဆောင်စေရန် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

     စားသုံးသူများအတွက် ဈေးနှုန်းချိန်ညှိမှုများကို ဆိုင်းငံ့ထားနိုင်စေရန်နှင့် ဆီသိုလှောင်မှု လက်ကျန်ပမာဏကို စီမံခန့်ခွဲရန်အတွက် ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ စစ်ဆေးရေးမှူးချုပ် Wittaya Maneenet သည် စားအုန်းဆီ ထုတ်လုပ်ရေး စက်ရုံလုပ်ငန်းများအသင်းနှင့် လက်လီရောင်းချသူများတို့နှင့် ပူးပေါင်း၍ ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါအသင်းနှင့် စားအုန်းဆီ ပြန်လည်သန့်စင်မှု လုပ်ငန်းများအသင်းတို့သည် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို ဆိုင်းငံ့လျက် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီး အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဟု ကတိပြုထားပြီးဖြစ်ပါသည်။

     မသမာသောနည်းလမ်းဖြင့် ဈေးနှုန်းအဆမတန်မြှင့်တင်ခြင်းကို တားဆီးရန်အတွက် ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများအနေဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်အမြင့်ဆုံး ဘတ် ၁၄၀၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု  ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက သတိပေးထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source : Bangkok Post, 4 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)