အိန္ဒိယနိုင်ငံ၌ မိုးသီးနှံအထွက်မြင့်မားမှုနှင့် သွင်းကုန်များပြားမှုတို့အရ ပဲမျိုးစုံဈေးနှုန်းများကျဆင်း

Powered by Drupal

     မိုးသီးနှံရာသီ၌ စိုက်ပျိုးမှုမှ ပဲမျိုးစုံအထွက်ပမာဏ မြင့်မားနိုင်ခြေရှိမှု၊ ဩစတေးလျနိုင်ငံမှ တင်သွင်းသည့် ကုလားပဲများ ဝင်ရောက်လာမှုတို့နှင့်အတူ ပြည်တွင်းဈေးကွက်တွင် ၁ နှစ်ကျော် ကြာမြင့်မားသည့်အဆင့်၌ရှိနေခဲ့သော ပဲမျိုးစုံဈေးနှုန်းများကို ရှေ့လာမည့် လအနည်းငယ်အတွင်း လျှော့ချနိုင်ရန် အိန္ဒိယအစိုးရက ရည်မှန်းလျက်ရှိကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

    ပွဲတော်ရာသီကာလ ဝယ်လိုအားမြင့်မားမှုကြောင့် ပဲမျိုးစုံ၏ လက်လီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း လက်ကားဈေးနှုန်းများမှာမူ စတင်လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ မုတ်သုံမိုး ရွာသွန်းမှုသည် ပုံမှန်အထက်၌ရှိခဲ့ရာ ဆောင်းရာသီ၌ စိုက်ပျိုးမည့် သီးနှံများအတွက် လုံလောက်သော မြေအစိုဓာတ် ရရှိခဲ့ကြောင်း၊ အထူးသဖြင့် နိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် ၅၀ ရာခိုင်နှုန်းခန့်ရှိသော ကုလားပဲစိုက်ပျိုးမှုမှာ လာမည့်ဆောင်းသီးနှံရာသီ၌ စိုက်ပျိုးမှုဧရိယာ တိုးတက်လာဖွယ်ရှိကြောင်း၊ ဩစတေးလျနိုင်ငံမှ ‌ဒေစီကုလားပဲများ တင်ဆောင်လာသည့် ကုန်သင်္ဘောတစ်စီးသည် မကြာမီတွင် အိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ဩစတေးလျထံမှ ကုလားပဲ တင်သွင်းမှု အမြင့်မားဆုံး ကာလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်းဖြစ်ပြီး တန်ဇန်နီးယားနိုင်ငံထံမှ ပဲများကိုလည်း နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလအထိ အများဆုံးတင်သွင်းမှုရှိကြောင်းဖြင့် အိန္ဒိယ စားသုံးသူရေးရာဌာနမှ အရာရှိတစ်ဦးက Financial Express သို့ ပြောဆိုခဲ့သည်။

      အာဖရိကမှ ဒေစီကုလားပဲများသည် အိန္ဒိယဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိသည်ဟု ကုန်သည်များ အသိုင်းအဝိုင်းကလည်း ပြောကြားထားသည်။ ၂၀၂၃-၂၄ သီးနှံရာသီနှစ် (ဇူလိုင်-ဇွန်) အတွင်း ရာသီဥတု ဆိုးရွားမှုကြောင့် တစ်နိုင်ငံလုံး ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ ၇ ရာခိုင်နှုန်း ကျဆင်းလျက် တန်ချိန် ၂၄.၂၄ သန်းသာရှိခဲ့ပြီး ကုလားပဲစိုက်ပျိုးမှုသည်လည်း တန်ချိန် ၁၁.၀၃ သန်း ထွက်ရှိလျက် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ သို့သော် ယခင်နှစ်၌ ကုလားပဲအထွက် လျော့ နည်းမှုမှာ ထိုထက်မက များပြားခဲ့သဖြင့် အစိုးရအနေဖြင့် ကုလားပဲနေရာ၌ အစားထိုးသုံးစွဲနိုင် သော စားတော်ပဲနှင့် ဒေစီကုလားပဲများကို အခွန်ကင်းလွတ်လျက် တင်သွင်းခွင့်ပြုခဲ့ရခြင်းဖြစ် သည်ဟု ကုန်သည်များက ပြောဆိုကြသည်။

     ပဲမျိုးစုံအနက် ကုလားပဲခွဲခြမ်းသည် လွန်ခဲ့သော စက်တင်ဘာလတွင် ၂၁.၂ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှုရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့ရာ ပြည်တွင်းကုလားပဲရောင်းလိုအားကို မြှင့်တင်ရန်အတွက် လာမည့် ၂ လတာအတွင်း တန်ဇန်နီးယားနှင့် ဩစတေးလျတို့ထံမှ ဒေစီကုလားပဲ တန်ချိန် ၀.၂ သန်းနှင့် တန်ချိန် ၁ သန်းတို့ကို အသီးသီးတင်သွင်းရန် အစိုးရက ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

    ထို့အပြင် ယခင်နှစ် ဒီဇင်ဘာလမှ စတင်၍ စားတော်ပဲများ တင်သွင်းထားမှုမှာ တန်ချိန် ၂.၃ သန်းခန့်ရှိပြီး ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကိုလည်း ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသည်။ စားတော်ပဲကို ယခုနှစ် အောက်တိုဘာလကုန်အထိ သွင်းကုန်အခွန် ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဒေစီကုလားပဲတင်သွင်းမှုအပေါ် သွင်းကုန်အခွန်ကောက်ခံခြင်းကိုလည်း အိန္ဒိယအစိုးရက ဖယ်ရှားပေးခဲ့သည်။

    အစိုးရ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် လွန်ခဲ့သော ၃ လအတွင်း ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲနီလေးတို့၏ လက်လီရောင်းဈေးများမှာ ကျဆင်းခြင်း သို့မဟုတ် တည်ငြိမ်နေခြင်း ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ယခုနှစ် မိုးသီးနှံရာသီ၌ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း တို့၏ စိုက်ပျိုးမှု ဧရိယာစုစုပေါင်းသည် ဟက်တာ ၁၂.၈ သန်းရှိပြီး ယခင်နှစ်ကထက် ၇.၈ ရာခိုင်နှုန်း ပိုမိုလျက်ရှိသည်။ ပဲစင်းငုံထွက်ရှိမှုမှာ ယခင်နှစ်ထက် မြင့်မားနိုင်သော်လည်း အဓိကစိုက်ပျိုးရာဒေသများတွင် မိုးရေချိန် ပိုမိုများပြားမှုကြောင့် မတ်ပဲထွက်ရှိမှုမှာ အရည်အသွေးအရ ကျဆင်းမှုရှိနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းပြောဆိုလျက်ရှိကြသည်။

    အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများဖြစ်ကြသော NAFED နှင့် NCCF သမဝါယမအသင်းချုပ် များသည် မိုးသီးနှံရာသီမှ ထွက်ရှိမည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို အစိုးရက အနိမ့်ဆုံးထားရှိ အထောက်အပံ့ပြုဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့်ဝယ်ယူရန်  တောင်သူလယ်သမား ဦးရေ ၁.၇၅ သန်းကို မှတ်ပုံတင်စာရင်းသွင်းထားပြီးဖြစ်သည်။

      ဈေးနှုန်းများလျော့နည်းသက်သာလာမှုအရ ပဲမျိုးစုံ လက်လီဈေးနှုန်းဖောင်းပွမှုမှာ ဩဂုတ် လ၌ ၁၁.၃ ရာခိုင်နှုန်းရှိရာမှ စက်တင်ဘာလတွင် ၉.၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အဓိက ပဲမျိုးများ ဖြစ်သော ကုလားပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့ အထွက်လျော့နည်းမှုက ၂၀၂၃ ခုနှစ် ဇွန်လမှ စတင်၍  ပဲမျိုးစုံ လက်လီဈေးနှုန်းဖောင်းပွမှုကို ကိန်းဂဏန်းနှစ်လုံး၏ အထက်၌ ရောက်ရှိနေစေခဲ့ကြောင်း သိရှိရသည်။

      လက်လီဈေးကွက်၌ဝင်ရောက်ထိန်းကျောင်းမှုအဖြစ် သက်သာသောဈေးနှုန်းဖြင့် ကုလားပဲ ရောင်းချမှု အစီအစဉ် (Bharat Chana Dal) ဒုတိယအဆင့်ကို ဆောင်ရွက်လျက်ရှိရာ အရန် သိုလှောင်ထားရှိမှုမှ ပဲတန်ချိန် ၀.၃ သန်းကို လက်လီအရောင်းဆိုင်များမှတစ်ဆင့် ကုလားပဲခွဲခြမ်း ၁ ကီလိုဂရမ်လျှင် ရူပီး ၇၀ နှုန်းဖြင့်လည်းကောင်း၊ ကုလားပဲလုံးပြည့် ၁ ကီလိုဂရမ်လျှင် ၅၈ ရူပီးနှုန်းဖြင့်လည်းကောင်း အစိုးရက ရောင်းချပေးလျက်ရှိကြောင်း၊ ဝယ်လိုအားမြင့်တက်မှုကို ဖြည့် ဆည်းနိုင်ရန်အတွက် ပဲမျိုးစုံကို ယခင်နှစ်ထက် ၉၀ ရာခိုင်နှုန်းပိုမိုလျက် တန်ချိန် ၄.၇၃ သန်းအထိ တင်သွင်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် နှစ်စဉ် ပဲမျိုးစုံစားသုံးမှု၏ ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း Financial Express သတင်းဌာနက ဖော်ပြထားသည်။

Source: Financial Express, 4 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)