ဓနုဖြူမြို့နယ်တွင် ထင်းမီးသွေးစားထိုး လောင်စာတောင့်ထုပ်လုပ်လျက်ရှိ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/ မီးသွေးအစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ၂၀၂၀ခုနှစ်ကတည်းက လုပ်ငန်းစတင်ပြီး လောင်စာတောင့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ စပါးခွံလောင်စာတောင့်ကို အိမ်သုံးမီးဖိုများတွင် သုံးစွဲမည်ဆိုပါက မီးသွေးထက် သုံးပုံတစ်ပုံသာ ကုန်ကျစရိတ်ရှိမည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုကိုကာကွယ်ပြီး အခြားလောင်စာများထက် များစွာကုန်ကျစရိတ်သက်သာသည့် စပါးခွံလောင်စာတောင့်ကိုသုံးစွဲသင့်ကြောင်း၊ မီးမွေးခါစတွင်သာ မီးခိုးအနည်းငယ်ထွက်သော်လည်း သုံးစွဲပြီးသည်အထိ မီးခိုးမထွက်ဘဲ ကျန်ရှိသောပြာများကိုလည်း စိုက်ပျိုးရေးသုံး EN ဘိုကာရှီ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပြီး အလုံးစုံစွန်ပစ်ပစ္စည်းမထွက်ကြောင်းသိရသည်။
အဆိုပါ စပါးခွံလောင်စာတောင့် ၁တန်လျှင် ၁၇၅၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်ကြားရောင်းရကြောင်း၊ ၃၀ပိဿာဝင်တစ်အိတ်လျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ စက်ရုံမှ လောင်စာတောင့် ၁လကို တန်၁၅၀ထုတ်လုပ်နိုင်ကြောင်း၊ ကိုယ်တိုင် Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဆန်စက်လည်ပတ်ကာ၊ ရန်ကုန်မြို့ ရှိ စက်မှုဇုန်များ၊ သံမဏိစက်ရုံ၊ အရက်ချက်စက်ရုံ၊ စက္ကူစက်ရုံနှင့် အခြားကုန်ထုတ်လုပ်ငန်းများသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
ဓနုဖြူမြို့နယ်တွင် အဓိက စပါးစိုက်ပျိုးသော ကျေးရွာများပြားပြီး ဟာလာဆန်စက်များလည်ပတ်လျက်ရှိသဖြင့် ကျေးရွာအတွက် လိုအပ်သော စပါးခွံလောင်စာတောင့်များ လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့သုံးဘွိုင်လာနှင့် ဆီဘွိုင်လာများတွင် အသုံးပြုပါက (၄၀%)ခန့် ငွေကြေးကုန်ကျမှုသက်သာခြင်း၊ စပါးခွံဘွိုင်လာကိုအသုံးပြုပါက (၂၀%) ခန့် ငွေကြေးပိုသုံးရပြီး ဘွိုင်လာပိုက်များလဲလှယ်ခြင်းနှင့် ပြုပြင်ခြင်းစရိတ်လုံးဝမရှိတော့သည့်အပြင် တိုက်ရိုက်ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ ကျောက်မီးသွေးဘွိုင်လာများတွင် (၁၀%)ခန့် ငွေကြေးအကုန်အကျသက်သာခြင်း စသည့် စီးပွားရေးဈေးကွက်တွက်ခြေကိုက်မှုများရှိလာမည်ဖြစ်ကြောင်း စက်ရုံပိုင်ရှင်၏ ရှင်းလင်းပြောပြချက်အရသိရပါသည်။
DOCA(ဧရာဝတီ)