အမေရိကန်နှင့် တရုတ်ကြား မည်သည့်ကုန်သွယ်ရေးစစ်ပွဲမှမဆို ထိုင်းနိုင်ငံစီးပွားရေးအကျိုးကျေးဇူးရရှိကြောင်းနှင့် ထိုနှစ်နိုင်ငံလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichi Naripthaphan က (၇.၁၁.၂၀၂၄) ရက်နေ့က ပြောကြားခဲ့သည်။ Mr.Pichai က ကုန်သွယ်ရေးစစ်ပွဲဖြစ်ပါက အမေရိကန်သည် တရုတ်ကုန်ပစ္စည်းများတင်သွင်းမှုကိုလျော့ချမည်ဖြစ်ပြီး ထိုင်းကုန်ပစ္စည်းများအားအစားထိုးနိုင်ကြောင်း၊ ထို့ကြောင့်ထိုင်းမှအမေရိကန်သို့တင်ပို့မှုမြင့်တက်နိုင်ကြောင်း၊ အမေရိကန်ထံမှ ရင်းနှီးမြှုပ်နှံမှုအသစ်များရရှိရန်မျှော်လင့်ကြောင်း၊ Hard Disk ထုတ်လုပ်သည့် Seagate နှင့် Western Digital တို့သည် ထိုင်းနိုင်ငံရှိ ၎င်းတို့၏လုပ်ငန်းများကိုတိုးချဲ့ရန်အစီအစဉ်ရှိကြောင်းနှင့် လူတိုင်းသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီးအခြားနိုင်ငံများသို့ တင်ပို့ရန်ကုန်ထုတ်လုပ်ရာ အခြေစိုက်အဖြစ်အသုံးချလိုကြောင်းပြောကြားခဲ့သည်။ အမေရိကန်သမ္မတသစ်အဖြစ်ရွေးချယ်ခံရသူ Donald Trump သည် တရုတ်ကိုသွင်းကုန်အခွန်များတိုးမြှင့်နိုင်ခြေရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးကို ရိုက်ခတ်မှုရှိနိုင်ကြောင်းသိရပါသည်။ Donald Trump ပထမအကြိမ်သမ္မတ ဖြစ်ခဲ့စဉ်အတွင်း အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲတွင် အာဆီယံနိုင်ငံများမှာ အကြီးမားဆုံးအကျိုးအမြတ်ရရှိခဲ့ပြီး အဘယ်ကြောင့်ဆိုသော် တရုတ်မှကုမ္ပဏီများသည် အာဆီယံဒေသသို့ပြောင်းရွှေ့ကြသောကြောင့်ဖြစ်ကြောင်းသိရပါသည်။ ကာလကြာရှည် မော်တော်ကားနှင့် အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်သည့် အင်အားကြီးထိုင်းနိုင်ငံသည် စီးပွားရေးကြီးထွားနှုန်းမြှင့်တင်ရန် ကမ္ဘာ့လုံးဆိုင်ရာကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများကိုရရှိရန် ကြိုးပမ်းအားထုတ်နေကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)