ဘရာဇီးသည် အိန္ဒိယအတွက် မတ်ပဲအဓိက ပေးသွင်းသည့်နိုင်ငံဖြစ်လာနိုင်

Powered by Drupal

    ဘရာဇီးနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အဓိကတင်သွင်းရာ အရင်းအမြစ်တစ်ခု ဖြစ်လာမည့် အလားအလာရှိသည်ဟု နိုဝင်ဘာ ၇ ရက်နေ့၌ အိန္ဒိယစားသုံးသူရေးရာ အတွင်းဝန် Nidhi Khare က ဘရာဇီးစိုက်ပျိုးရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့မှ အကြီးတန်းအရာရှိ Julio Cesar Ramos အား လက်ခံတွေ့ဆုံခဲ့အပြီး သတင်းထုတ်ပြန်ရာ၌ ဖော်ပြထားကြောင်း သိရှိရသည်။

     အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဘရာဇီးနိုင်ငံ သည် မကြာသေးမီနှစ်များအတွင်း အိန္ဒိယသို့ မတ်ပဲပေးသွင်းသည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက် လာခဲ့ကြောင်း၊ ဘရာဇီးထံမှ မတ်ပဲ ရယူတင်သွင်းမှုမှာ ၂၀၂၃ ပြက္ခဒိန်နှစ်၌ ၄၁၀၂ တန်သာ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် အောက်တိုဘာလကုန်အထိ တန်ချိန် ၂၂၀၀၀ ကျော်ကို တင်သွင်းထားပြီးသည်အထိ တိုးတက်လာကြောင်း၊ သို့ဖြစ်ရာ ဘရာဇီးသည် အိန္ဒိယ၏ မတ်ပဲနှင့်ပဲစင်းငုံ တင်သွင်းရာ အဓိကပင်ရင်းဒေသတစ်ခုဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း၊ ဘရာဇီးနှင့် ဩစတေးလျတို့ကဲ့သို့သော နိုင်ငံများသည် အိန္ဒိယ၏ သီးနှံစိုက်ပျိုးရာသီနှင့် မတူညီပဲ ဆန့်ကျင်ခြားနားသော သီးနှံရာသီကာလရှိသဖြင့် ပဲမျိုးစုံကုန်သွယ်ရာ၌ ထူးကဲသည့် အားသာချက်ရှိနေကြောင်း၊ ၎င်းနိုင်ငံများအနေဖြင့်  အိန္ဒိယ၏ သီးနှံစိုက်ပျိုးထွက်ရှိနိုင်မည့် အခြေအနေကို အခြေခံပြီး စိုက်ပျိုးထုတ်လုပ်မှု ပုံစံကို စီစဉ်လုပ်ကိုင်နိုင်မှုရှိကြောင်း ဖော်ပြခဲ့သည်။

      ၂၀၂၄ ဆောင်းသီးနှံရာသီ၌ ထုတ်လုပ်မှုကျဆင်းခဲ့ပြီးနောက် ကုလားပဲအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယအစိုးရက ယခုနှစ်မေလတွင် ကြေညာချက်ထုတ် ပြန်ခဲ့မှုအပေါ် ဩစတေးလျနိုင်ငံသည် ၎င်း၏ သီးနှံစိုက်ပျိုးရာသီနှင့် တိုက်ဆိုင်လျက်ရှိသည့် အခွင့်အရေးကို ရယူလျက် ကုလားပဲစိုက်ပျိုးမှုဧရိယာကို အမြောက်အမြားတိုးချဲ့စိုက်ပျိုးခဲ့သည်။ ထိုကဲ့ သို့ အိန္ဒိယသို့ တင်ပို့ရန် တိုးချဲ့စိုက်ပျိုးမှုအရ ယခင်နှစ်ထွက်ရှိသည့် တန်ချိန် ၄.၉ သိန်းထက် ပိုမိုလျက် ယခုနှစ်တွင် ဩစတေးလျ၏ ကုလားပဲထွက်ရှိမှုမှာ တန်ချိန် ၁၃.၃ သိန်းခန့်ရှိနိုင်ကြောင်း သိရှိရသည်။

     အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်မှ စတင်၍ ဩစတေးလျနိုင်ငံထံမှ ကုလားပဲအသစ်များ အိန္ဒိယပြည်တွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် အဓိကဈေးကွက်များတွင် ဈေးနှုန်းလျော့ နည်းသက်သာမှုကို အထောက်အကူဖြစ်စေခဲ့သည်ဟု အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပဲမျိုးစုံတန်ချိန် ၃ သန်းမှ ၄ သန်းခန့်ကို နှစ်စဉ် ပြည်ပမှ တင်သွင်းနေရသည်။

Source: Economic Times, 7 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)