ဇီဝဒီဇယ်ဆီ၌ စားအုန်းဆီ ပါဝင်ရောစပ်မှုပမာဏ ထိုင်းအစိုးရ လျှော့ချ

Powered by Drupal

    ထိုင်းနိုင်ငံတွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဇီဝဒီဇယ်ဆီထုတ်လုပ်ရာတွင် စားအုန်းဆီ ပါဝင်ရောစပ်မှုပမာဏကို နိုဝင်ဘာ ၂၁ ရက် နေ့မှစတင်၍ လျှော့ချလျက် B7 ဇီဝဒီဇယ် အစီအစဉ်မှ B5 အဆင့်သို့ ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိကာလ၌ ဆောင်ရွက်လျက်ရှိသော B7 အစီအစဉ်တွင် စားအုန်းဆီမှရရှိသော ဇီဝ ဒီဇယ်ဆီ ၇ ရာခိုင်နှုန်းနှင့် ရေနံမှ ထုတ်လုပ်သော ဒီဇယ်ဆီ ၉၃ ရာခိုင်နှုန်းတို့ကို ရောစပ် အသုံးပြု ခြင်းဖြစ်ပြီး B5 အစီအစဉ်၌မူ စားအုန်းဆီမှရရှိသော ဇီဝဒီဇယ်ဆီ ၅ ရာခိုင်နှုန်းသာ ပါဝင်မည်ဖြစ်သည်။

    ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Pirapan Salirathavibhaga က စွမ်းအင်မူဝါဒနှင့် စီမံကိန်းရုံး၏ နိုဝင်ဘာ ၇ ရက်နေ့၌ ကျင်းပသည့် အစည်း အဝေးတစ်ရပ်တွင် ယခုကဲ့သို့ ပြောင်းလဲလုပ်ကိုင်မည့် အစီအစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဇီဝဒီဇယ်ဆီထုတ်လုပ်မှုစရိတ်ကို လျှော့ချရာ၌ အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း၊ B7 မှ B5 သို့ ပြောင်းလဲသုံးစွဲသည့် မော်တော်ယာဉ်များအတွက် အင်ဂျင်ထိခိုက်ပျက်စီးမှုရှိမည် မဟုတ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဇီဝဒီဇယ်ဆီ၌ စားအုန်းဆီ ပါဝင်ရောစပ်မှု အချိုးအစား ပြောင်းလဲလုပ်ဆောင်မည်ကို အမျိုးသားစားအုန်းဆီမူဝါဒကော်မတီထံသို့လည်း အသိပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

     စားအုန်းဆီကြမ်းဈေးနှုန်းသည် မြင့်တက်လာခဲ့ရာ စားအုန်းဆီ ပါဝင်ရောစပ်ထားသည့် ဇီဝဒီဇယ်ဆီ၏ ဈေးနှုန်းကိုလည်း ၁ လီတာလျှင် ၄၈ ဘတ်၏ အထက်သို့ ရောက်ရှိစေခဲ့သည်။ ထိုင်း အစိုးရသည် မေလ ၁ ရက်နေ့မှစ၍ B10 ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး B7 နှင့် B20 ဇီဝ ဒီဇယ်ဆီ ၂ မျိုးတည်းကိုသာ ဈေးကွက်အတွင်း ဆက်လက်ရောင်းချမှုပြုခဲ့သည်။ B20 ဇီဝဒီဇယ်ဆီ၏ အမည်ကို ယခင်အတိုင်းထားရှိသော်လည်း B7 ဇီဝဒီဇယ်ဆီကိုမူ ဇီဝဒီဇယ်ဆီဟူ၍သာ ခေါ်ဆိုရန် အမည်ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။

Source: The Nation Thailand, 8 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)