ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဩစတေးလျစက်မှုလုပ်ငန်းများနှင့် စားသုံးသူများ၏ ဈေးကွက်လိုအပ်ချက် ကြီးထွားနေမှုကို ဖြည့်ဆည်းရန်အလို့ငှာ ဩစတေးလျနိုင်ငံသို့ အရည်အသွေးမြင့် အုန်းဆီ မက်ထရစ်တန်ချိန် ၃၀၀၀၀ ကို ထပ်ဆောင်း၍ နှစ်စဉ်တိုးမြှင့်တင်ပို့နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
ဩစတေးလျသို့ အုန်းဆီ အဓိကတင်ပို့နေသူများအနက် တစ်ဦးဖြစ်သူ Ares Merchants Philippines Inc. (AMPI) ၏ မန်နေဂျင်းဒါရိုက်တာ Jose Leonardo Tañada က ဈေးကွက် လိုအပ်ချက်မြင့်မားမှုကြောင့် ဖိလစ်ပိုင်အနေဖြင့် ပြည်ပအုန်းဆီ တင်ပို့မှု ဒေါ်လာ ၇၀ သန်း ခန့်ရရှိစေလိမ့်မည်ဖြစ်သည်ဟု ဩစတေးလျသံရုံးမှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ Luisa Rust နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Tañada က ဩစတေးလျကဲ့သို့သော ထိပ်တန်းဈေးကွက်များအား အဓိကရည်ရွယ်တင်ပို့ နေသည့် AMPI ၏ နည်းဗျူဟာကြောင့် ဖိလစ်ပိုင် အုန်းစိုက်တောင်သူများကို အကျိုးကျေးဇူးရရှိနေမှုများနှင့်စပ်လျဉ်း၍ အလေးအနက်ထားပြောကြားခဲ့ပါသည်။ ဈေးကွက်ကြီးများကို ရည်ရွယ်တင်ပို့ခြင်းဖြင့် ဒေသခံတောင်သူများကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေခြင်းနှင့် နိုင်ငံ၏ ကုန်သွယ်မှု လိုအပ်ချက်ကို ထိန်းညှိပေးနိုင်ခြင်းစသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုများ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဩစတေးလျရှိ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများ၊ အလှကုန်နှင့် တစ်ကိုယ်ရည် ကျန်းမာရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် အုန်းဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် အရသာအပေါ် ကြိုက်နှစ်သက်မှုရှိနေသည့်အတွက် အုန်းဆီ၏ ဈေးကွက်လိုအပ်ချက် မြင့်မားနေခြင်းဖြစ်ကြောင်း၊ ထို့အပြင် AMPI အနေဖြင့် အုန်းဆီအား ပြည်ပသို့ တိုးချဲ့တင်ပို့လျက်ရှိခြင်းကြောင့် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဦးစီးဌာန၏ နိုင်ငံ့စိုက်ပျိူးစီးပွားကိုမြှင့်တင်ရန်နှင့် အုန်းဆီတင်ပို့မှုများ ခိုင်မာအားကောင်းစေရန်ဟူသော မျှော်မှန်းချက်နှင့် ကိုက်ညီလျက်ရှိကြောင်း၊ ကမ္ဘာ့အကြီးဆုံး အုန်းဆီထုတ်လုပ်သည့်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးပို့ကုန်များစွာအနက် အုန်းသီးထုတ်ကုန်များအပေါ် မှီခိုလျက်ရှိရာ ၁ နှစ်တာအတွင်း စိုက်ပျိုးရေးကဏ္ဍ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့် ရရှိလျက်ရှိကြောင်း သိရှိရပါသည်။
ဩစတေးလျနိုင်ငံ၏ အုန်းဆီဈေးကွက်သိသာစွာကြီးထွားလျက်ရှိရာ အုန်းဆီတင်သွင်းခြင်း ကြောင့် ဖိလစ်ပိုင်နိုင်ငံမှရရှိနေသည့် စီးပွားရေးအကျိုးအမြတ်များကို Tañada က အလေးထား ပြောကြားခဲ့ပါသည်။ အုန်းသီးအခြေခံအစားအစာချက်ပြုတ်မှုများတွင် စိတ်ဝင်စားမှုမြင့်တက်ခြင်း၊ သဘာဝနှင့် အော်ဂဲနစ်ထုတ်ကုန်များ၏ ဈေးကွက်လိုအပ်ချက် မြင့်မားလာခြင်းနှင့် အုန်းဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အထူးသဖြင့် medium-chain fatty acids ပါဝင်မှုမြင့်မားခြင်းအား နားလည်သိရှိလာခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ ဈေးကွက်ကြီးထွားလာခြင်းဖြစ်ကြောင်း၊ ထို့အပြင် အလှကုန်နှင့် အရေပြားအလှအပဆိုင်ရာထုတ်ကုန်များတွင် အုန်းဆီအားအမျိုးမျိုး အသုံးပြုနေမှုများကြောင့်လည်း ဩစတေးလျနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့်အုန်းဆီ ဈေးကွက်ကို တိုးချဲ့ပေးရာရောက်ကြောင်း စသည်ဖြင့် သိရှိပါသည်။
Source : The Philippine Star, November 12, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)