တန်ဖိုးမြင့်ရင်းနှီးမြှပ်နှံမှုလှိုင်းသစ်များကိုဆွဲဆောင်နိုင်ခဲ့ကြောင်း Savills Vietnam ပြောကြား

Powered by Drupal

               ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုများ၊ ကြီးမား‌သောအခြေခံအဆောက်အအုံစီမံကိန်းများနှင့်သင့်လျော်ကောင်းမွန်သော ဥပဒေဝန်းကျင်တို့ကြောင့် ဗီယက်နမ်နိုင်ငံ၏စက်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများသည် အားကောင်းစွာကြီးထွားလာကြောင်း ဗီယက်နမ်အိမ်ခြံမြေအေဂျင်စီ Savills Vietnam ၏ပြောကြားချက်အရ သိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များနှင့် အချက်အလက်စင်တာများတိုးချဲ့လာခြင်းနှင့်အတူ ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးမြင့်ကုန်ထုတ်လုပ်ခြင်းသို့ အသွင်ကူးပြောင်းလာခြင်းသည် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် ၎င်းတို့၏နေရာအဆင့် ကိုမြှင့်တင်ပေးလျှက်ရှိကြောင်း အေဂျင်စီက နိုဝင်ဘာလ ၈ ရက်နေ့ကပြောကြားခဲ့ပါသည်။ ၎င်းတို့၏ တင်ပြချက်အရ ဗီယက်နမ်၏စက်မှုလုပ်ငန်း ကဏ္ဍအောင်မြင်မှုရရှိခြင်းသည် အားကောင်းသောလုပ်သားထု၊ အစိုးရ၏ဆွဲစောင်မှုမက်လုံးများ၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် တံခါးဖွင့်ထားမှုနှင့် အခြေခံအဆောက်အအုံများအား စဥ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတို့ပါဝင်သော များစွာသောအကြောင်းအရာများ၏ ပံ့ပိုးမှုများကြောင့် ဖြစ်ကြောင်းသိရပါသည်။ အီလတ်ထရောနစ်နှင့် စီမီးကွန်ဒတ်တာအစရှိသည့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများသည် ကြီးထွားမှုကိုမောင်းနှင်လျှက်ရှိပြီး အိမ်ခြံမြေဝယ်လိုအားနှင့် ဒေသဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကိုဆွဲစောင်ရာတွင် ကူညီပေးလျှက်ရှိကြောင်း သိရပါသည်။ Savills Vietnam ၏ ဒုတိယမန်နေးဂျင်းဒါရိုက်တာဖြစ်သူ Troy Griffiths က ဗီယက်နမ်သည် ကုမ္ပဏီများကလုပ်သားခနည်းပါးမှုကိုအဓိကထား၍ ရိုးရှင်းသောကုန်ထုတ်လုပ်ခြင်းမှ မြင့်မားသောနည်းပညာ၊ ကျွမ်းကျင်မှုမြင့်မားသော အဆင့်မြင့်ကုန်ထုတ်စွမ်းရည်ရှိသောနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားကြောင်းပြောကြားခဲ့ပါသည်။ ယှဥ်ပြိုင်နိုင်စွမ်းရှိသောကုန်ကျစရိတ်များ၊ ဗျူဟာကျသောတည်နေရာနှင့် များစွာသောကုန်သွယ်ရေး သဘောတူညီချက်များတွင် ပါဝင်ထားမှုတို့ကြောင့် ဗီယက်နမ်သည်ရင်းနှီးမြှုပ်နှံမှု လှိုင်းသစ်များရှာဖွေရာတွင် ကောင်းမွန်သောနေရာတွင်တည်ရှိနေကြောင်းသိရပါသည်။ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဧရိယာများတွင် အီလတ်ထရောနစ်၊ မော်တော်ယာဥ်အစိတ်အပိုင်းများ၊ စီမီးကွန်ဒတ်တာများနှင့် အစိမ်းရောင်နည်းပညာ အစရှိသည့်တန်ဖိုးမြင့်စက်မှုလုပ်ငန်းများ ပါဝင် ကြောင်းသိရပါသည်။ တောင်ကိုရီးယား၊ စင်ကာပူနှင့်ဂျပန်ပါဝင်သော အဓိကရင်းနှီးမြှုပ်နှံသူများသည် မြင့်မားသောနည်းပညာနှင့်တန်ဖိုးမြင့်ထုတ်လုပ်ခြင်းတို့ကို အသွင်ပြောင်းခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် အခြေခံအဆောက်အအုံအတွက် ငွေသုံးစွဲမှုကိုမြှင့်တင်လျှက်ရှိပြီး အဓိကစီမံကိန်းတွင် နိုင်ငံ GDP၏ ၇% ထိဘက်ဂျက်ချထားပေးကြောင်းသိရပါသည်။ Savills Vietnam ၏ကျွမ်းကျင်ပညာရှင်များကလည်း e-commerce ကဏ္ဍနှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာမှုတို့ကြောင့် ကုန်လှောင်ရုံများနှင့် အသင့်ဆောက်ပြီးစက်မှုမြေနေရာများအတွက် မြေနေရာလိုအားမြင့်တက်လာနိုင်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ကုန်လှောင်ရုံစျေးနှုန်းများသည် မြင့်မားစွာ ယှဥ်ပြိုင်နိုင်စွမ်းဆက်လက်တည်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်စတုရန်းမီတာကို ၅.၆ အမေရိကန် ဒေါ်လာရှိကြောင်းသိရှိရပါသည်။

Vietnamplus

DOCA(ရန်ကုန်)