
ကမ္ဘောဒီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်းအမေရိကန်ဒေါ်လာ ၈.၄၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၇ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန၏ ပို့ကုန်သွင်းကုန်အချက်အလက်များအရ သိရသည်။ (GDCE) ၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံရှိပြီး အမေရိကန်မှတင်သွင်းမှုသည် ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိကြောင်းသိရသည်။ ကမ္ဘောဒီးယားမှအမေရိကန်သို့ အဝတ်အထည်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီးနှင့် အခြားလူသုံးကုန်ပစ္စည်းများတင်ပို့ပြီး အမေရိကန်မှမော်တော်ကားများ၊ စက်ယန္တရားများ၊ လက်ဝတ်ရတနာများ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းသည်။ The Royal School of Administration မှစီးပွားရေးပညာရှင် Duch Darin က ကမ္ဘာ့စီးပွားရေးတွင် စိန်ခေါ်မှုများရှိနေသော်လည်း ပို့ကုန်တိုးတက်မှုသည် ကမ္ဘောဒီးယားထုတ်ကုန်များ၏ အရည်အသွေးကိုထင်ဟပ်စေသည်ဟု Khmer Times သို့ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတိုးမြင့်လာခြင်းနှင့်အတူ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကိုဆက်လက်ခိုင်မာစေမည်ဟု မျှော်လင့်ထားကြောင်းဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများသည် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများကဲ့သို့သော အဓိကနယ်ပယ်များကို လွှမ်းခြုံထားကြောင်း Duch Darin ကပြောကြားခဲ့ပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)