အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် အမေရိကန်သမ္မတ Joe Biden တို့သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကိုမြှင့်တင်ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှုနက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ ထိုသဘောတူညီချက်သည် အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူတော်တွင်ပြုလုပ်သည့် ၎င်းတို့၏အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း whitehouse.gov website တွင်ထုတ်ပြန်ချက်အရသိရပါသည်။ ပူးတွဲထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံစလုံးမှပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရန် တည်ငြိမ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ရန်သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ အစည်းအဝေးတွင် ၎င်းတို့၏ Open Government Partnership (OGP)တွင်အဖွဲ့ဝင်အဖြစ်ပါဝင်ထားမှုအရ အစိုးရအဖွဲ့တွင် အများပြည်သူပါဝင်ပတ်မှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိမှု၏စည်းမျဥ်းများ အားကောင်း စေရေးအတွက် ၎င်းတို့၏အာမခံမှုကို အသားပေးပြောကြာခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည်မျှတသောကုန်သွယ်မှု၊ လူ့အခွင့်အရေးနှင့်အလုပ်သမား အခွင့်အရေးတို့ကို အခြေခံသောစီးပွားရေးစည်းမျဥ်းများနှင့်အညီ စီးပွားရေးမူဝါဒများတွင် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန် အလေးအနက်ထားပြောကြားခဲ့ကြောင်းသိရပါသည်။ အိမ်ဖြူတော်ထုတ်ပြန်ချက်အပေါ်အခြေခံ၍ ထိုထုတ်ပြန်ချက်သည် နှစ်နိုင်ငံစလုံးအတွက် ဒေသတွင်းစီးပွားရေးမိတ်ဖက်များ တိုးချဲ့ရာတွင်အရေးပါသည့် Indo-Pacific Economic Framework for Prosperity(IPEF) အရဟုသိရပါသည်။ နှစ်ဖက်စလုံးသည် အမေရိကန်-အင်ဒိုနီးရှားကုန်သွယ်မှုကို တွန်းအားပေးရာတွင် Generalized System of Preferences (GSP)၏ အရေးပါသည့်ကဏ္ဍကို အသိအမှတ်ပြုခဲ့ကြကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် Biden နှင့် Prabowo တို့သည် အမေရိကန်-အင်ဒိုနီးရှားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက်အရ ဆက်လက်ဆွေးနွေးပွဲများပြုလုပ်ရန်နှင့် ဗျူဟာမြောက်စီးပွားရေးဆွေးနွေးပွဲများဆောင်ရွက်ရန် ဖြစ်နိုင်ချေများကိုရှာဖွေသွားရန် သဘောတူခဲ့ကြကြောင်းသိရှိရပါသည်။
Antara News
DOCA(ရန်ကုန်)