၂၀၂၄ ခုနှစ်၏ပထမဆယ်လ ဗီယက်နမ်- UK ကုန်သွယ်မှု ၂၂ ရာခိုင်နှုန်းကြီးထွား

Powered by Drupal

               ၂၀၂၄ ခုနှစ်၏ ပထမဆယ်လတွင် ဗီယက်နမ်သည်အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ တန်ဖိုး UK သို့တင်ပို့ခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ၆၈၇.၂ သန်းတန်ဖိုး UK သို့တင်ပို့ခဲ့ပြီး စက်တင်ဘာလကထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလ ကြီးထွားမှုသည်စက်ပစ္စည်းများ၊ စက်တပ်ဆင်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကွန်ပြူတာများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ဖိနပ်နှင့်အဝတ်အထည်များအစရှိသည့် အချို့သောအဓိကပို့ကုန်များမှ ကြီးမားသောဝင်ငွေရရှိမှု၏ မောင်းနှင်အားကြောင့်ဖြစ်ကြောင်း သိရပါသည်။ ထိပ်ဆုံးက ဦးဆောင်နေသည့် ပို့ကုန်အမျိုးအစားဖြစ်သည့် စက်ပစ္စည်း၊ စက်တပ်ဆင်ပစ္စည်းနှင့်အပိုပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၃၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၁၇.၉ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ ဒုတိယ အမျိုးအစားမှာမိုဘိုင်းဖုန်းနှင့်အစိတ်အပိုင်းများဖြစ်ပြီး တင်ပို့မှုဝင်ငွေအမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံရရှိခဲ့ကာ ၂၀၂၃ တူညီသည့်ကာလထက် ၁၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၁၆.၃ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ အချို့သောအခြားအမျိုးအစားများမှာလည်း တင်ပို့မှုတွင်သိသာစွာမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကွန်ပြူတာ၊ အီလတ်ထရောနစ်နှင့် အစိတ်အပိုင်းများ(၃၀ရာခိုင်နှုန်းမြင့်တက်)၊ လက်ကိုင်အိတ်၊ ခရီးဆောင်အိတ်နှင့် ထီး( ၁၈ ရာခိုင်နှုန်း မြင့်တက်)၊ ပင်လယ်စာ(၁၀ရာခိုင်နှုန်းနီးပါးမြင့်တက်)၊ သတ္ထု(၃၀.၂ရာခိုင်နှုန်းမြင့်တက်)၊ သစ်နှင့် သစ်ထုတ်ကုန်(၁၅.၅ရာခိုင်နှုန်းမြင့်တက်)၊ စတီးလ်ထုတ်ကုန်(၃၄ရာခိုင်နှုန်းမြင့်တက်) တို့ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၁ တွင်စတင်သက်‌ရောက်သည့် ဗီယက်နမ်- UK လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကလည်း တင်ပို့မှုကြီးထွားမှုတွင် အဓိကမောင်းနှင့်ပေးခဲ့ကြောင်းသိရပါသည်။ စာချုပ်အကောင်အထည်ပေါ်သည့်အချိန်မှစ၍ ယခုအချိန်အထိ ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေပြခဲ့ကြောင်းသိရပါသည်။ ၂၀၂၁ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်ရေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ၆.၆ ဘီလီယံရှိခဲ့ပြီး ဗီယက်နမ်ကအမေရိကန်ဒေါ်လာ၄.၈ ဘီလီယံကုန်သွယ်ရေးပိုငွေပြခဲ့ကြောင်းသိရပါသည်။ ၂၀၂၂ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာစိတ်ခေါ်မှုများနှင့် စီးပွားရေးအခက်အခဲများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကျဆင်းခဲ့သော်လည်း ဗီယက်နမ် က UK သို့တင်ပို့မှုမှာ၁.၉ ရာခိုင်နှုန်းဆက်လက်ကြီးထွားခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်၏များစွာသောစျေးကွက်များသို့တင်ပို့မှုမှာ ကျဆင်းခဲ့သော်လည်း UK သို့တင်ပို့မှုမှာ ၁၁ ရာခိုင်နှုန်း ဆက်လက်ကြီးထွားခဲ့ကြောင်းသိရပါသည်။ ယခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈.၆ မှ ၈.၇ ဘီလီယံရောက်ရှိရန်ခန့်မှန်းရကြောင်း သိရှိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)