ပဲမျိုးစုံ တိုးတက်တင်ပို့နိုင်ရေး မူဝါဒပိုင်းဖြေလျှော့မှုများ အီသီယိုးပီးယားအစိုးရ လုပ်ဆောင်

Powered by Drupal

      အီသီယိုးပီးယားနိုင်ငံအနေဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား တင်ပို့မှုလုပ်ကိုင်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများစွာနှင့်အတူ စုပေါင်း အားထုတ် ကြိုးပမ်းလျက်ရှိသည်ဟု အဒစ်အဘာဘာမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့၌ ကျင်းပသော ၁၃ ကြိမ်မြောက် နိုင်ငံတကာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ညီလာခံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Kasahun Gofe က ပြောကြားခဲ့သည်။

     အဆိုပါသီးနှံများသည် အီသီယိုးပီးယားနိုင်ငံ၏ ပို့ကုန်ဝင်ငွေရရှိမှုနှင့် သန်းပေါင်းများစွာသော တောင်သူများ၏ လူနေမှုဘဝကို မြှင့်တင်ရန်အတွက် အရေးပါကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခြင်း၊ ထုတ်ကုန်အရည်အသွေးတိုးတက်စေခြင်းနှင့် ကုန်စည် မျိုးစုံခွဲခြား၍ အလေးပေးဆောင်ရွက်မှုတို့နှင့်အတူ အီသီယိုးပီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့ပဲမျိုးစုံနှင့် ဆီထွက်သီးနှံဈေးကွက်တွင် အဓိကကျသည့်အခန်းမှ ပါဝင်လျက် ၎င်းသီးနှံများကဏ္ဍ၏ စဉ်ဆက်မပြတ်တိုးတက်မှုကို သေချာခိုင်မာစေအောင် လုပ်ကိုင်လျက်ရှိကြောင်း၊ အစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်များဖွင့်လှစ်ပေးခြင်း၊ ဈေးကွက်ကမောင်းနှင်သည့် ငွေလဲလှယ်မှုနှုန်းထားစနစ်ကို ကျင့်သုံးခြင်း၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရန်နှင့် အလုပ်အကိုင်များ ဖန်တီးရန်အတွက် စိုက်ပျိုးရေးအခြေခံ ပြုပြင်ထုတ်လုပ်မှုများကို ဦးစားပေးလုပ်ဆောင်ခြင်း တို့အပါအဝင် အဓိကကျသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်းဖြင့် ဝန်ကြီး Kasahun က ပြောဆိုခဲ့သည်။

     အီသီယိုးပီးယား၏ အသစ်ပြောင်းလဲဖော်ဆောင်ခဲ့သော စိုက်ပျိုး‌ရေးဆိုင်ရာ မူဝါဒများသည် ကုန်ထုတ်လုပ်မှု မြှင့်တင်ရန်၊ တန်ဖိုးကွင်းဆက်များ တိုးတက်ကောင်းမွန်စေရန်နှင့် လယ်သမားများနှင့် ထုတ်လုပ်သူများအတွက် ဈေးကွက်ဝင်ရောက်မှုကို ချဲ့ထွင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အစိုးရသည် ပြည်ပသို့ ကုန်စည်များတင်ပို့မှုနှင့်စပ်လျဉ်း၍ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ရာတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အီသီယိုးပီးယား လယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများထံမှ စိုက်ပျိုးရေးထုတ်ကုန်များကို တိုက်ရိုက်ဝယ်ယူရန် ခွင့်ပြုခဲ့ခြင်းမှာ မှတ်သားဖွယ်ရာ လုပ်ဆောင်ချက်ပင်ဖြစ်သည်။

     ယခုကဲ့သို့ အစိုးရ၏ မူဝါဒပြောင်းလဲမှုသည် အီသီယိုးပီးယားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝန်းအတွက် သတင်းကောင်းပင်ဖြစ်ကြောင်း၊ အီသီယိုးပီးယားနိုင်ငံ အနေဖြင့် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများအား အစပြုလုပ်ဆောင်ချက်အဖြစ် နိုင်ငံခြားငွေလဲလှယ်မှု စီမံခန့်ခွဲခြင်းကို ပိုမိုကောင်းမွန်စေရန် မေခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားနှင့်ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည့်အလားအလာရှိသော ဖော်ထုတ်သုံးစွဲခြင်းမပြုရသေးသည့် အရင်းအမြစ်များကို နိုင်ငံ၌ ပိုင်ဆိုင်ထားကြောင်း၊ သို့ဖြစ်၍ ပို့ကုန်မျိုးစုံအပေါ် အလေးပေးမှုနှင့်အတူ အထူးပြုဆောင်ရွက်မှုကို လုပ်ကိုင်လျက်ရှိကြောင်း၊ ပို့ကုန်များ၏ အရည်အသွေးနှင့်အရေအတွက်တို့အရ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ကောင်းမွန်စေရေးအတွက် ကုန်သွယ်မှုမူဝါဒများ၊ ပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာများ၊ အီးကောမာ့စ် မဟာဗျူဟာများကို ထူထောင်ထားရှိပြီးဖြစ်ကြောင်း၊ ယခုကျင်းပသော ၁၃ ကြိမ်မြောက် နိုင်ငံတကာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ညီလာခံဆွေးနွေးပွဲမှ နိုင်ငံ တကာ မိတ်ဖွဲ့လုပ်ကိုင်မှုများ၊ ကုန်သွယ်ရောင်းဝယ်ရန် သဘောတူညီမှုများကို ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ကြောင်းဖြင့် ဝန်ကြီး Kasahun က ပြောကြားခဲ့သည်။

Source: www.fanabc.com, 19 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)