၂၀၂၅ ခုနှစ်တွင် ဂျပန်သို့ ထောပတ်သီးတင်ပို့မှုမှ ‌ဒေါ်လာ ၁.၆ သန်းရရှိရန် ဖိလစ်ပိုင်မျှော်မှန်း

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၁၃ နှစ်ကြာ ကုန်သွယ်ရေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး မကြာသေးမီကာလ၌ ဂျပန်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ရာ လာမည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ဟက်စ် (Hass) အမျိုးအစား ထောပတ်သီးကုန်ချိန် ကီလိုဂရမ်ပေါင်း ၅ သိန်းခန့်ကို တင်ပို့သွားရန် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။

    ဖိလစ်ပိုင် သီးနှံလုပ်ငန်းဗျူရို (Bureau of Plant Industry) ၏ ဒါရိုက်တာဖြစ်သူ Gerald Glenn Panganiban က အစိုးရသည် ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ဒေါ်လာ ၁.၅၈၄ သန်း တန်ဖိုးရှိသည့် ဟက်စ်ထောပတ်သီး ၄၈၄၀၀၀ ကီလိုဂရမ် သို့မဟုတ် သေတ္တာ ၈၈၀၀၀ လုံးကို တင်ပို့ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

     ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုအရ ယခုလ၌ ဂျပန်နိုင်ငံ၏ ထောပတ်သီးဈေးကွက်သို့ ဈေးကွက်ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ ‌ဒေါ်လာ ၄၀၃၂၀ တန်ဖိုးရှိ ဟက်စ်ထောပတ်သီးသေတ္တာ ၂၂၄၀ လုံး (၁၂၃၂၀ ကီလိုဂရမ်) ကို ပထမအကြိမ်အဖြစ် သင်္ဘောတင်ပို့သွားမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေဖြင့် ပြီးခဲ့သောနှစ်တွင် ဂျပန်နိုင်ငံသို့ ‌ဒေါ်လာ ၁.၁ ဘီလီယံ တန်ဖိုးရှိသော စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းထုတ်ကုန်များကို တင်ပို့ခဲ့ကြောင်း၊ ယှဉ်ပြိုင်မှုမြင့်မားသော ဂျပန်ဈေးကွက်အတွင်းသို့ ထောပတ်သီးများ အောင်မြင်စွာ တင်ပို့နိုင်ခဲ့ခြင်းသည် ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေး၌ အရေးပါသည့်ခြေလှမ်းကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ အရွယ်အစားသေးငယ်၍ အပေါ်ခွံချောမွေ့ပြီး ရင့်မှည့်သည့်အချိန်တွင် ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည့် ဟက်စ်အမျိုးအစား ထောပတ်သီးကို ဂျပန်လူမျိုးများ အကြိုက်တွေ့လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံသည် ‌ ဟက်စ်ထောပတ်သီးများကို အဓိကတင်သွင်း သည့် ဈေးကွက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တင်သွင်းမှုတန်ဖိုး ဒေါ်လာသန်း ၆၀ ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ထောပတ်သီး အဓိကတင်ပို့သည့်နိုင်ငံများတွင် မက်ဆီကို၊ ပီရူး၊ ဩစတေးလျ၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့ပါဝင်ပါကြောင်း စသည်ဖြင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာရှတွင်ပထမဆုံးနိုင်ငံအဖြစ် ဂျပန်နိုင်ငံသို့ ဟက်စ်ထောပတ်သီး တင်ပို့နိုင်ခြင်းကြောင့် ဂုဏ်ယူပါကြောင်းနှင့် ယခုကဲ့သို့ တင်ပို့နိုင်သည့်အတွက် ဒေသခံစိုက်ပျိုးသူများအနေဖြင့် ဂျပန်နိုင်ငံ၏ လတ်ဆတ်သစ်သီးများ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းလျက် ဝင်ငွေတိုးပွားနိုင်မည့် ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင် စိုက်ပျိုးရေးသံမှူး Aleli Maghirang က ပြောကြားထားပါသည်။

   လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အင်္ဂလန်နှင့် မြောက်အိုင်ယာလန် စသည့် ဈေးကွက် (၈) ခုသို့ ထောပတ်သီးများ တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထောပတ်သီး တန်ချိန် ၁.၀၄ သန်း တင်ပို့ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၌ တင်ပို့ခဲ့သော တန်ချိန် ၁.၄၉ သန်းထက် ၃၀ ရာခိုင်နှုန်း တင်ပို့မှု လျော့နည်းခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်အရ သိရှိရပါသည်။

Source : The Philippine Star, November 18, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)