သင့်တင့်မျှတသော စပါးဈေးနှုန်းရရှိစေမည်ဟု တောင်သူများသို့ ထိုင်းအာဏာပိုင် ကတိပြု

Powered by Drupal

   ထိုင်းနိုင်ငံ၌ တောင်သူလယ်သမားများအား ကူညီပံ့ပိုးရန်အတွက် အမျိုးသား ဆန်စပါး မူဝါဒကော်မတီ(NRPC)မှ အတည်ပြုထားသည့် အစီအမံများအား အကောင်အထည်ဖော်ဆောင်မှု နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီအသစ်အတွက် စပါးဈေးနှုန်းများကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု အဆိုပါဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wittayakorn Maneenetr က ပြော ကြားခဲ့သည်။

   လက်ရှိကာလတွင် သီးနှံရာသီအသစ်မှ စပါးထုတ်လုပ်မှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းရှိသော စပါးတန်ချိန် ၁၃.၄ သန်းခန့်သည် ဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆန်စက်များတွင် စပါးလက်ကျန်ပမာဏ လျော့နည်းလာသဖြင့် ထိုင်းဟုမ်းမာလီရနံ့မွှေးစပါး၊ Pathum Thani စပါးနှင့် ကောက်ညှင်းအုပ်စုဝင်စပါးတို့၏ ဈေးနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျက်ရှိကြောင်း၊ နိုဝင်ဘာ ၁၅ ရက်နေ့၌ အစိုဓါတ် ၁၅ ရာခိုင်နှုန်းရှိသောစပါး၏ ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် ဘတ် ၁၀၅၅၀ ပေါက်ဈေးရှိပြီး တစ်တန်အပေါ် ဘတ် ၅၀၀ သို့ မြင့်တက်ခဲ့ကြောင်း၊ သို့သော်လည်း အရှေ့မြောက်ပိုင်းဒေသတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် စပါး၌ အစိုဓါတ်ပါဝင်မှုပမာဏ မြင့်မားပြီး စပါးရောင်းဈေး နိမ့်ကျမှုကို ဖြစ်စေလျက်ရှိကြောင်း သိရှိရသည်။

   ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းရရှိစေရန်အတွက် စပါးဈေးနှုန်းများကို စောင့်ကြည့်စစ်ဆေးရန် ပြည်နယ်ကူးသန်းရောင်းဝယ်ရေးရုံးများနှင့် ပြည်တွင်းကုန်သွယ်မှုဦးစီး ဌာနတို့အား ညွှန်ကြားထားပါသည်။

    ပြည်နယ် ၃၃ ခုတွင် ပြည်နယ်ကူးသန်းရောင်းဝယ်ရေးရုံးများသည် ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်သူလယ်သမားများ၏ ထုတ်ကုန်များအား ဆန်စက်များနှင့် ချိတ် ဆက်ပြီး ၂၀၂၄-၂၀၂၅ သီးနှံရိတ်သိမ်းရာသီမှ ထွက်ပေါ်သော စပါးရောင်းချမှု ဈေးကွက်များကို စီစဉ်လျက်ရှိကြောင်း၊ အဆိုပါဈေးကွက်များ၌ တောင်သူလယ်သမားများအတွက် ဈေးနှုန်းညှိနှိုင်းမှု စွမ်းရည်ကို ရရှိစေပြီး ရွေးချယ်ခွင့်များ ပိုမိုပေးအပ်ထားကြောင်း၊ ပထမဈေးကွက်အဖြစ် Nong Khai ပြည်နယ်တွင် Duangjai Group Co Ltd သည် နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ လည်းကောင်း၊ Phrae ပြည်နယ်၌ အခြားဈေးကွက်တစ်ခုဖြစ်သည့် Muang Song Agriculture Cooperative Ltd သည် နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိလည်းကောင်း စပါးအရောင်း အဝယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းဆန်တင်ပို့မှုသည် အောင်မြင်မှုများ ရရှိနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်း ဆန်တန်ချိန် ၈.၃၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီး Mr Pichai က ပြောကြားထားသည်။

    ယခုနှစ်တွင် ထိုင်းဆန်တင်ပို့မှုသည် အမေရိကန်၊ ဟောင်ကောင်နှင့် ကနေဒါကဲ့သို့ အဓိက ဈေးကွက်များမှ ဝယ်ယူသည့် အမှာစာများကြောင့် ဝင်ငွေ ၆.၄ ဘီလီယံဒေါ်လာ (သို့မဟုတ်) ဘတ် ၂၃၀ ဘီလီယံ တန်ဖိုးရှိသည့် ဆန်တန်ချိန် ၉ သန်းအထိ ရောက်ရှိမည်ဟု  နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနနှင့် ထိုင်းဆန်တင်ပို့သူများအသင်း တို့အနေဖြင့် ယုံကြည်လျက်ရှိသည်။ ခရစ်စမတ်နှင့် နှစ်သစ်ကူးအချိန်များအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အဓိကဈေးကွက်များမှ ဝယ်ယူသည့် အမှာစာများနှင့်အတူ ကောက်ရိတ်သိမ်းချိန် နီးကပ်လာသည့်အတွက် ၂၀၂၄ ခုနှစ်၏ နောက်ဆုံးသုံးလပတ်တွင် ဆန်တင်ပို့မှုများ တိုးမြှင့်သွားနိုင်ရန် မျှော်မှန်းထားသည်။

    NRPC မှ အတည်ပြုထားသည့် ဆန်ဈေးနှုန်းများတည်ငြိမ်ရေး အစီအမံများကို အမြန်ဆုံးဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra မှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအား ညွှန်ကြားခဲ့သည်။ အဆိုပါအစီအမံများသည် ကောက်ရိတ်သိမ်းချိန်အတွင်း ရောင်းလိုအား မြင့်မားခြင်းကြောင့် ယခုနှစ် စပါးဈေးကျခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်ကြောင်း သိရှိရသည်။

     အစိုဓါတ် ၂၅ ရာခိုင်နှုန်းအထိ ပါဝင်သော ဟုမ်းမာလီစပါးများ ရောင်းချမှုကို အချိန်ဆိုင်းငံ့နိုင်ရန်အတွက် ဆောင်ရွက်မည့် ပထမအစီအမံတွင် လယ်သမားများအတွက် ချေးငွေ ဘတ် ၈.၃၆ ဘီလီယံကို သုံးစွဲမည်ဖြစ်ပြီး စပါးတန်ချိန် ၃ သန်း အတွက် လုံလောက်မှုရှိမည်ဖြစ်သည်။

    ဒုတိယအစီအမံတွင် စပါးစိုက်ပျိုးသည့် တောင်သူလယ်သမား အဖွဲ့အစည်းများအတွက် ချေးငွေများ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့အစည်းများသည် လယ်သမားများထံမှ စပါးများ စုဆောင်းသွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော သဘောတူညီချက် ရရှိစေရန်အတွက် ထုတ်လုပ်သည့်စပါး အမြောက်အမြားကို အစိုးရထံ စပါးအပေါင်ထားသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Mr Wittayakorn က ပြောကြားခဲ့သည်။အဆိုပါ ချေးငွေကမ်းလှမ်းမှု အစီအစဉ်၌ အ‌ပေါင်ခံရန်လျာ ထားသည့် စပါးတန်ချိန် ၁ သန်း အတွက် ဘတ်ငွေ စုစုပေါင်း ၆၅၆ သန်း ထုတ်ချေးပေးရန် သတ်မှတ်လျာထားကြောင်း သိရှိရသည်။

     တတိယအစီအမံ၌ စပါးအပေါင်ခံသည့်အစီအစဉ်တွင် ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂလိကသိုလှောင်ရုံ လုပ်ငန်းရှင်များအတွက် ချေးငွေပံ့ပိုးကူညီမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းရှင်များ ကျခံ ရမည့် ချေးငွေအတိုးနှုန်း၏ ၃ ရာခိုင်နှုန်းကို အစိုးရမှ ထောက်ပံ့သွားမည်ဖြစ်ပြီး နှစ်လမှ ခြောက်လကြာ အပေါင်ခံထားသည့် စပါးများကို စီမံခန့်ခွဲရာတွင် ၎င်းတို့မှ ကူညီမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်၌ စပါးတန်ချိန် ၄ သန်းအတွက် ဘတ်ငွေ ၅၈၅ သန်းခန့် ခွဲဝေပေးထားကြောင်း သိရှိရသည်။

Source: Bangkok Post, 19 November, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)