မုန်တိုင်းများဒဏ်ကြောင့် ဆန်စပါးအထွက်လျော့နည်းနိုင်ကြောင်း ဖိလစ်ပိုင်အစိုးရ ပြောကြား

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်အတွင်း ပြည်တွင်း ဆန်ထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁၉ ဒသမ ၄ သန်းအောက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ပြင်းထန်သောအပူပိုင်းမုန်တိုင်း Kristine နှင့် စူပါတိုင်ဖွန်း Ofel တို့ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် စုစုပေါင်း ပီဆိုငွေ ၆ ဘီလီယံရှိပြီး စိုက်ပျိုးမှုဧရိယာ ဟက်တာပေါင်း ၁၀၀၂၄၂ ထိခိုက်ခဲ့ကြောင်း၊ ဆုံးရှုံးသွားသည့် ထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန် ၅၁၆၄၃၈ တန် ဖြစ်ပြီး ၂၀၂၄ ခုနှစ် အတွက် စုစုပေါင်းထုတ်လုပ်ရန် ရည်မှန်းချက်၏ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ညီမျှ ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်အကုန်၌ တိုက်ခတ်ခဲ့သည့် စူပါတိုင်ဖွန်း Pepito ကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ထပ်မံတိုးမြင့်လာနိုင်ကြောင်း သိရပါသည်။ 

    တိုင်ဖွန်းမုန်တိုင်းများ ဆင့်ကဲတိုက်ခတ်မှုဖြစ်ပေါ်လျက်ရှိရာ ပြောင်းနှင့် တန်ဖိုးမြင့်သီးနှံများအား စိုက်ပျိုးထုတ်လုပ်သူများသည် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်များ ထုတ်လုပ်မှုမှာ ပြန်လည်ကောင်းမွန်လာရန် ခက်ခဲကြောင်း၊ ထို့ကြောင့် ဈေးကွက်များတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်နေဆဲဖြစ်ကြောင်း၊  ဆန်တင်သွင်းမှုမှာ နိုဝင်ဘာ ၇ ရက်အထိ မက်ထရစ်တန်ချိန် ၃ ဒသမ ၉ သန်း ရှိပြီး ထိခိုက်မှုကို လျော့ပါးသက်သာစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေး လက်ထောက်အတွင်းဝန် Arnel de Mesa က ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဆန်တန်ချိန်ပမာဏ ၅ ဒသမ ၁ သန်းခန့်ကို စံချိန်တင် တင်သွင်းရဖွယ်ရှိသည်ဟု အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ပြောကြားခဲ့သည်။ စပါးအထွက်ပမာဏသည် ၂၀၂၃ ခုနှစ်ထုတ်လုပ်မှု တန်ချိန် ၂၀ ဒသမ ၀၆ သန်းထက် ပိုမိုလျက် ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၂၀.၄၄ သန်း ထွက်ရှိရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက ကနဦး ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုနှစ်အစောပိုင်း၌ အယ်လ်နီညိုရာသီဥတုပုံစံ၏ သက်ရောက်မှု များကြောင့် စပါးထွက်ရှိနိုင်မှုကို တန်ချိန် ၁၉.၄ သန်းသို့ လျှော့ချခဲ့ရသည်။

    နိုင်ငံ၏ဆန်စပါးအစီအစဉ်သည် မြင့်မားသောအထွက်နှုန်းရရှိရန် ပြန်လည်ချိန်ညှိထားခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောကြားခဲ့ပြီး ထုတ်လုပ်မှု မြှင့်တင်ရန်အတွက် စိုက်ပျိုးမြေဧရိယာ ခွဲခြားသတ်မှတ်ခြင်း၊ ပိုမိုကောင်းမွန်သော မျိုးစေ့များကို ဖြန့်ဖြူးခြင်း၊ ဆည်မြောင်းစနစ်များ တိုးချဲ့ခြင်းနှင့် စပါးစိုက်ပျိုးမှု အချိန်ဇယားများ ပြုပြင်ပြောင်းလဲခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။

     ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၁၂ ဒသမ ၃ သန်းခန့်ကို ထုတ်လုပ်နိုင်ဖွယ်ရှိပြီး ၎င်းတို့၏ ယခင်ခန့်မှန်းထားသည့် ၁၂ ဒသမ ၇ သန်းထက် လျော့နည်းမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနက နောက်ဆုံးအကြိမ် ခန့်မှန်းချက်၌ ဖော်ပြထားကြောင်း သိရပါသည်။

Source: Manila Times, 19 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)