ဖိလစ်ပိုင်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (PEZA) ကပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်ထုတ်လုပ်ခြင်းနှင့် သတင်းအချက်အလက်နည်းပညာတို့တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ပီဆို (ဖိလစ်ပိုင်သုံးငွေကြေး) ၉၈.၄ သန်းရှိသည့် စီမံကိန်း ၃ ခုကိုခွင့်ပြုခဲ့ကြောင်းသိရပါသည်။ PEZA ၏ညွှန်ကြားရေးမှူးဖြစ်သူ Tereso Panga က စီးပွားရေးလုပ်ငန်းသစ်သုံးခုနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီက ပြောကြားခဲ့ပါသည်။ ထိုခွင့်ပြုခဲ့သည့်စီမံကိန်းထဲမှ ပီဆို ၆၁.၀၆ သန်းတန်ဖိုးရှိသည့် Tsuneishi Green Energy စီမံကိန်းသည် နိုင်ငံ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးပေးနိုင်ရန်မျှော်လင့်ရကြောင်းသိရပါသည်။ ထိုကုမ္ပဏီသည် Balamban ရှိ West Cebu စက်မှုဇုန်တွင် ဆိုလာစွမ်းအင်ပံ့ပိုးမှုပေးမည်ဟုသိရပြီး ဇုန်အတွက် သန့်စင်ပြီးတည်ငြိမ်မှုရှိသော စွမ်းအင်ဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ Tsuneishi ၏ဆိုလာစွမ်းအင်ပံ့ပိုးမှုသည် PEZA ၏စီးပွားရေးဇုန်များတွင် အစိမ်းရောင်စွမ်းအင်သုံးစွဲမှုအလေ့အထသို့ တွန်းအားပေးဆောင်ရွက် နေမှုကိုကူညီပံ့ပိုးနိုင်မည်ဟုသိရပါသည်။ ဒုတိယခွင့်ပြုခဲ့သည့်စီမံကိန်းမှာ Santo Tomas မြို့ရှိ Light Industry and Science ဇုန်တွင် Wenshan Electronic Philippines Corp ၏ ပီဆို၁၃ သန်းတန်ကြေးရှိသည့် နည်းပညာမြင့်ချပ်စ်ထုတ်လုပ်မည့်စီမံကိန်းဖြစ်ကြောင်းသိရပါသည်။ Wenshan ၏ရင်းနှီးမြှုပ်နှံမှုသည် အီလတ်ထရောနစ်ထုတ်လုပ်ခြင်းတွင် ဖိလစ်ပိုင်၏ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေရန်ကူညီပေးနိုင်မည်ဖြစ်သကဲ့သို့ ကမ္ဘာ့လုံးဆိုင်ရာစျေးကွက်အတွက် တန်ဖိုးမြင့်ထုတ်လုပ်ခြင်းတွင်ပံ့ပိုးရန် ၎င်းတို့၏စွမ်းရည်ကိုမြှင့်တင်နိုင်မည်ဟုသိရပါသည်။ PEZA ကခွင့်ပြုခဲ့သည့်တတိယစီမံကိန်းသည် Makita မြို့ရှိ ကွန်ပြူတာအထောက်အကူပြု ဝန်ဆောင်မှုနှင့် ပို့ကုန်ဗဟုသုတများဖြန့်ဝေပေးနိုင်မည့် Tractebal Red Inc ၏ ပီဆို ၂၄.၃၇ သန်းတန် စီမံကိန်းဖြစ်ကြောင်းသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည်နည်းပညာကဏ္ဍတွင် ဆန်းသစ် တီထွင်မှု မြှင့်တင်ရန်နှင့် အလုပ်အကိုင်များဖန်တီးပေးနိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ Tractebal Red ၏ မှတ်ပုံတင်မှုသည် ဗြိတိန်လုပ်ငန်းများက ဖိလစ်ပိုင်တွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကြီးထွားလာမှုကို ရောင်ပြန်ဟပ်ကြောင်း PEZA ကပြောကြားခဲ့ပါသည်။ Panga က PEZA သည် စီးပွားရေးကြီးထွားမှုကိုမောင်းနှင်ပေးမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်သစ် ဖန်တီးပေးရန်၊တည်ငြိမ်မှုနှင့်ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန်အာမခံခဲ့ကြောင်းသိရှိရပါသည်။
The Philippine Star
DOCA(ရန်ကုန်)