မလေးရှား စားအုန်းဆီကြိုတင်အရောင်းဈေးနှုန်းများ မြင့်တက်

Powered by Drupal

    မလေးရှားစားအုန်းဆီဈေးနှုန်းများသည် ပြိုင်ဘက် ပဲပုပ်ဆီ ဈေးနှုန်းများ ခိုင်မာကောင်းမွန် ခြင်းနှင့် မလေးရှားတွင် ထုတ်လုပ်မှုကျဆင်းခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ ဒုတိယပိုင်းအချိန် အရောင်းအဝယ်ပြုကြရာ၌ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း Reuters ၏ ဖော်ပြချက်ကို Business Recorder သတင်းဌာနက ၂၇-၁၁-၂၀၂၄ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။ 

     ဘာဆာမလေးရှားဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ သင်္ဘောတင်ပို့ဆောင်မည့် စားအုန်းဆီများအတွက် စာချုပ်များ၏ အပိတ်ဈေးတွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄,၇၃၄ (ဒေါ်လာ ၁,၀၆၂.၆၃) ဖြင့် မလေးရှားရင်းဂစ် ၃၅ (၀.၇၄%) ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

    စားအုန်းဆီ ဈေးကွက်သည် ပိုမိုအားကောင်းလာသော ပဲပုပ်ဆီဈေးကွက်ကို တုံ့ပြန်နေ ကြောင်း၊  စားအုန်းဆီသည် ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ဈေးကွက်အတွင်းနောက်ကျရောင်းရခြင်း စသည့် ဖိအားများစွာရှိနေသည့်အတွက် ပြိုင်ဘက်ပဲပုပ်ဆီဈေးကွက်အပေါ် အပြုသဘောဆောင်မှု ဖြစ်ပေါ်စေပြီး စားသုံးဆီဈေးနှုန်းစျေးကွက် ပိုမိုအားကောင်းလာစေသည့်အကြောင်းအရင်းများ ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအခြေစိုက် ကုန်သွယ်ရေးကုမ္ပဏီ Iceberg X Sdn Bhd ပိုင်ရှင် Mr. David Ng က ပြောသည်။

   မလေးရှားစားအုန်းဆီဘုတ်အဖွဲ့သည် နိုဝင်ဘာလအတွက် ၎င်း၏လစဉ် ဝယ်လိုအား-ရောင်းလိုအား ‌အချက်အလက်များကို ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ရ သည်။ တရုတ်နိုင်ငံ၊ Dalian မြို့ဈေးကွက်၌ ပဲပုပ်ဆီစာချုပ်တွင် ဈေးနှုန်း ၀.၀၅% ကျဆင်းခဲ့ပြီး ၎င်း၏ စားအုန်းဆီစာချုပ် ဈေးနှုန်းမှာ ၁.၄၈% မြင့်တက်ခဲ့သည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့ ၌ ပဲပုပ်ဆီစျေးနှုန်းများသည် ၃.၀၇% မြင့်တက်ခဲ့သည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်ဝေစုတွင် အခြားစားသုံးဆီများနှင့် ယှဉ်ပြိုင်နေပြီး စားသုံးဆီဈေးနှုန်းများ၏ အတက်အကျအတိုင်း လိုက်ပါလျက်ရှိသည်။

      စားအုန်းဆီကုန်သွယ်မှုငွေကြေးဖြစ်သည့် ရင်းဂစ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ၀.၃၁% ကျဆင်းသွားကာ နိုင်ငံခြားငွေကိုင်ဆောင်ထားသည့် ဝယ်ယူသူများအတွက် ကုန်ပစ္စည်းကို စျေးနှုန်း သက်သာစွာ ဝယ်ယူခွင့်ရရှိစေသည်။

     အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ရရှိမည့်အလားအလာများ ထွက်ပေါ်လာပြီးနောက် ယခင်ကဈေးနှုန်းကျဆင်းခဲ့သည့်  ရေနံအပေါ် ရင်း နှီးမြှုပ်နှံသူများက ရှယ်ယာပိုမိုထည့်ဝင်လာသဖြင့် ရေနံစျေးနှုန်းများ မြင့်တက်ခဲ့သည်။ အနာဂတ် ရေနံစိမ်းဈေးနှုန်းများ ပိုမိုအားကောင်းလာခြင်းသည် စားအုန်းဆီကို ဇီဝဒီဇယ်အဖြစ် ရောနှော အသုံးပြုရေးအတွက် ပိုမိုဆွဲဆောင်မှုရှိသော ရွေးချယ်မှုတစ်ခုဖြစ်လာစေသည်။

     အိန္ဒိယနိုင်ငံ၌ မျိုးစေ့ချစိုက်ပျိုးသည့်ရာသီတွင် ပျမ်းမျှအပူချိန်ထက် ပိုမိုမှုရှိခဲ့ခြင်းကြောင့် လယ်သမားများသည် အပူဒဏ်ခံနိုင်ရည်ရှိပြီး အကျိုးအမြတ်တူညီစွာ ရရှိနိုင်သည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးခဲ့ကြသဖြင့် ဆီမုန်ညင်းစိုက်ပျိုးမှုမှာ လျော့နည်းကျဆင်းဖွယ်ရှိသည်ဟု အိန္ဒိယ စိုက်ပျိုးရေးအရာရှိများက  Reuters သတင်းဌာနသို့ ပြောကြားကြောင်း သိရသည်။

     အိန္ဒိယ၏ အဓိကဆောင်းသီးနှံ ဆီထွက်သီးနှံထုတ်လုပ်မှု ကျဆင်းလာခြင်းက ပြည်တွင်း ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေး စားအုန်းဆီ၊ ပဲဆီနှင့် နေကြာဆီကဲ့သို့သော ဈေးနှုန်းမြင့်သော ဟင်းသီးဟင်းရွက်ဆီများကို တိုးမြှင့်ဝယ်ယူတင်သွင်းရန် တွန်းအားပေးခဲ့ကြောင်း Business Recorder သတင်းဌာန၏ ရေးသားဖော်ပြချက်အား တင်ပြအပ်ပါသည်။

Source: Business Recorder, 27 Nov, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)