ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုသည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဆန်တန်ချိန် ၈ ဒသမ ၀၅ သန်း အထိ ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံ ရှိလာခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာနက ဖော်ပြပါသည်။
အစိုးရ ကိန်းဂဏန်းအချက်အလက်များအရ နိုဝင်ဘာလ၏ ပထမလဝက်ကာလတွင်ပင် ဆန်တန်ချိန် ၂၉၃၄၈၄ တန် တင်ပို့နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၀ လတာအတွင်း ဆန် တန်ချိန် ၇ ဒသမ ၈ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၆ ဘီလီယံ တင်ပို့ခဲ့ပြီး ယခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၀ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့် လာကာ တန်ဖိုးအားဖြင့် ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။
ဝယ်လိုအားခိုင်မာမှုနှင့်အတူ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးဆန်ဈေးကွက် အဖြစ် ဆက်လက်ရပ်တည်နေပြီး ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကျော်ရှိကြောင်းနှင့် အောက်တို ဘာလကုန်အထိ ဗီယက်နမ်ထံမှ ဆန်တန်ချိန် ၂ ဒသမ ၉၁ သန်း တင်သွင်းခဲ့ကြောင်း သိရပါသည်။ အခြားအဓိကကျသော စျေးကွက်များအဖြစ် အင်ဒိုနီးရှားနှင့် မလေးရှားတို့ ပါဝင်ပြီး ဗီယက်နမ်၏ ထိပ်တန်း ဆန်တင်ပို့သည့် ၁၅ နိုင်ငံအနက် မလေးရှားနိုင်ငံသည် ယခင်ကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး ၂ ဒသမ ၃ ဆ တိုးလာကာ အမြင့်မားဆုံး တိုးတက်မှုကို ပြသခဲ့ကြောင်း သိရပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးမှု တိုးမြင့်လာမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ယခုနှစ် လက်ကျန်ကာလများ၌ ဆန်တင်သွင်းမှု ဆက်လက် မြင့်တက်လာနိုင်ကြောင်း ဖိလစ်ပိုင်ရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံးက ခန့်မှန်းထားသည်။ ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ တင်သွင်းသည့် ဆန်စုစုပေါင်းပမာဏသည် တန်ချိန် ၄ သန်း ကျော်ရှိမည်ဟု ခန့်မှန်းရပါသည်။
မကြာသေးမီ အောက်တိုဘာလအတွင်း အင်ဒိုနီးရှား၏ ဆန်တန်ချိန် ၅၀၀၀၀၀ အတွက် တင်ဒါခေါ်ယူမှုတွင် ဗီယက်နမ်ကုမ္ပဏီများသည် ဆန်တန်ချိန် ၈၃၅၀၀ ကို တင်သွင်းခွင့် ရယူနိုင်ခဲ့ သည်။ အိန္ဒိယဆန်များ ဈေးကွက်ဝင်ရောက်လာသော်လည်း အင်ဒိုနီးရှားဝယ်လက်များသည် သာလွန်ကောင်းမွန်သော အရည်အသွေးရှိသည့် ဗီယက်နမ်ဆန်များကို ပိုမိုဈေးပေးဝယ်ယူရန် ဆန္ဒရှိနေခဲ့ကြကြောင်း သိရှိရပါသည်။
Source: Vietnam Plus, 25 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)