ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်သည် ယခုနှစ်တွင် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိလျက်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် ထိပ်တန်း ဦးဆောင် စီးပွားရေးအချက်အချာအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ပြည်နယ်၏စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏အဆိုအရ ၎င်းတို့သည်ပို့ကုန်မှတစ်ဆင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံ (၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၁၂.၇ ရာခိုင်နှုန်းမြင့်တက်) ခဲ့ပြီး သွင်းကုန် အတွက် အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံ (လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၁၂.၂% မြင့်တက်)သုံးစွဲခဲ့ကြောင်း သိရပါသည်။ Binh Duong ပြည်နယ်၏လတ်တလောတင်ပို့မှု တန်ဖိုးမှာ ဗီယက်နမ်၏စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၁၀% ကျော်ရှိကြောင်း သိရပါသည်။ အဓိကထုတ်ကုန် ၆ ခု ဖြစ်သည့် သစ်နှင့်သစ်ထုတ်ကုန်၊ အဝတ်အထည်များ၊ ဖိနပ်၊ စတီလ်းနှင့် အီလတ်ထရောနစ် ပစ္စည်းများတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၉.၃ ဘီလီယံရရှိခဲ့ပြီး ပြည်နယ်၏ စုစုပေါင်း တင်ပို့မှုတန်ဖိုး၏ ၅၆.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ သစ်တင်ပို့မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၆.၅ ဘီလီယံဖြင့် ၁၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဝတ်အထည်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံဖြင့် ၁၅.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်းသိရပါသည်။ ပြည်နယ်စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Nguyen Thanh Toan က ထိုကုန်သွယ်ရေး ပိုငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ကြံကြံခံနိုင်စွမ်း နှင့် လိုက်လျောညီထွေဖြစ်မှုကို ရောင်ပြန်ဟပ်နေကြောင်း၊ လုပ်ငန်းများသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်ကဲ့သို့သော စျေးကွက်များတိုးချဲ့ရန် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များကို ထိရောက်စွာ အသုံးချနိုင်ခဲ့ကြောင်းနှင့် လာမည့်အချိန်တွင်လည်း ဌာန သည်တင်ပို့မှုအရှိန်မြှင့်တင်ရန် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးများမှတစ်ဆင့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအား သတင်းအချက်အလက်များ အချိန်ကိုက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်၎င်းတို့သည် ပြည်တွင်းကုန်ပစ္စည်းများ အတွက် အခွင့်အလမ်းများကျယ်ပြန့်စေရန် ဟာလာ ဈေးကွက်ကဲ့သို့သော ဈေးကွက်သစ်များ ရှာဖွေသွားမည်ဟုသိရပါသည်။ Binh Duong ပြည်သူ့ ကော်မတီဥက္ကဌဖြစ်သူ Vo Van Minh က စံချိန်တင်ကုန်သွယ်ရေးပိုငွေရရှိခြင်းသည် ပြည်တွင်းအာဏာပိုင်များနှင့် စီးပွားရေးအဖွဲ့အစည်းများ အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်းပြည်နယ် သည် ၂၀၂၅ ခုနှစ်တွင် တည်ငြိမ်စွာကြီးထွားရန်အတွက် မူဝါဒများချမှတ်ခြင်း၊ စက်မှုအခြေခံ အဆောက်အအုံနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးတို့တွင် ကြီးမားစွာရင်းနှီးမြှုပ်နှံရန်စီစဉ် ထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် ဆိပ်ကမ်းများနှင့်စက်မှုဇုန်များအကြား ချိတ်ဆက်မှု အားကောင်းရန် ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးကွန်ယက်ဖွံ့ဖြိုးတိုး တက်ရေးတို့တွင် အဓိကအာရုံစိုက်ထားကြောင်းသိရပါသည်။ စီးပွားရေးလုပ်ငန်းများသည်လည်း ထုတ်လုပ်နိုင်စွမ်းနှင့် ထုတ်လုပ်မှုအရည်အသွေးမြှင့်တင်ရန် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ ပုံစံကျသောကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့မှုကွင်းဆက် တွင် လူအစားစက်အစားထိုးခြင်းတို့ ဆောင်ရွက်ရန် တိုက်တွန်းခြင်းခံရကြောင်း သိရပါသည်။ ထို့ပြင် Binh Duong ပြည်နယ်သည် အရည်အသွေးမြင့်သော လုပ်သားထုလေ့ကျင့်ရေး၊ ဘဏ္ဍာရေး ထောက်ပံ့ခြင်းနှင့် အလားအလာ ရှိသောတင်ပို့ရာဈေးကွက်များရှိ ဥပဒေစည်းမျဉ်းများနှင့် ပတ်သတ်၍ အကြံပေးခြင်းပြုလုပ် ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)