နိုင်ငံ၏အစားအစာထုတ်လုပ်မှုမြင့်တက်လာနိုင်သည်ဟု ယူဆရသောကြောင့် အင်ဒိုနီးရှား သမ္မတ Prabowo Subianto သည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ဆန်တင်သွင်းမှုကို ရပ်တန့်နိုင်မည် ဟုယုံကြည်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က ဂျကာတာရှိ သမ္မတနန်းတော်တွင် ပြောကြားခဲ့ပါသည်။ Prabowo က ၎င်းသည် ၂၀၂၅ ခုနှစ်တွင် ဆန်တင်သွင်းရန်မလိုအပ်တော့ဟု ယုံကြည်ချက်ရှိနေကြောင်း၊ နိုင်ငံအနေဖြင့် အစားအစာကဏ္ဍတွင် အားကောင်းရန် လိုအပ်ကြောင်း၊ ဆန်သာမကအစားအစာအားလုံးတွင် တင်သွင်းနေရမှုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံအစားအစာအတွက် ညှိနှိုင်းရေးဝန်ကြီးနှင့် အဖွဲ့ကို နိုင်ငံတွင် အစားအစာကိစ္စ ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါ သည်။ အင်ဒိုနီးရှားနိုင်ငံ၏အစားအစာထုတ်လုပ်မှုသည် မြင့်တက်လျက်ရှိပြီး အရန်အစားအစာသည် များစွာသောနှစ်များအတွင်း အမြင့်ဆုံးအနေအထားကို ရောက်ရှိနေကြောင်း သိရပါသည်။ ၎င်းတို့သည် လတ်တလောတွင် သိုလှောင်ရုံများ၌ အစားအစာတန် ၂ သန်းသိုလှောင် ထားကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် များစွာသောအေဂျင်စီများနှင့် ကတ်ဘိနက်အဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ Prabowo က စိုက်ပျိုးမွေးမြူရေးဝန်ကြီး နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော်အစားအစာအေဂျင်စီနှင့် သက်ဆိုင်သည့် နိုင်ငံတော်ပိုင်လုပ်ငန်း အားလုံးကို အသိအမှတ်ပြုကြောင်း၊ ပြည်ထဲရေးဝန်ကြီးကိုလည်း ငွေကြေးဖောင်းပွမှုထိမ်းချုပ်ရာတွင် ကူညီ ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် အစားအစာပြသနာဖြစ်ပေါ်စေနိုင်သည့် ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှ ကျော်လွှားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်သမ္မတက ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် တင်ပို့သည့်နိုင်ငံများသည် ပို့ကုန်လုပ်ငန်းစဉ်များကို ရပ်တန့်ရန် ဆန္ဒရှိခဲ့ကြကြောင်းနှင့် နိုင်ငံသည် ယခုအခါအားကောင်းသည့်နေရာတစ်ခုသို့ မြင့်တက်လာနေကြောင်း ပြောကြားခဲ့ပါသည်။
Antara News
DOCA(ရန်ကုန်)