အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသည့်မီသနောစက်ရုံကို တည်ဆောက်မည့်အင်ဒိုနီးရှား

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်သယံဇာတအရင်းအမြစ်ဝန်ကြီးဖြစ်သူ Bahlil Lahadalia က အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသည့် မီသနောစက်ရုံကို တည်ဆောက်ရန်ပြင်ဆင်နေကြောင်း ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် အောက်လွှတ်တော် အစည်းအဝေးတွင် ဒီဇင်ဘာလ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုစက်ရုံကို အရှေ့ဂျာဗားတွင် ၂၀၂၅ ခုနှစ်၌ ဆောက်လုပ်လိမ့်မည်ဖြစ်ပြီး တစ်နှစ်ကို မီသနောတန် ၈၀၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ Lahadalia က နိုင်ငံသည် မီသနောတင်သွင်းမှုအပေါ် ဆက်လက်မီခိုနေရသောကြောင့် ထိုစက်ရုံသည် ပြည်တွင်းမီသနောလိုအပ်မှု ပြည့်မီစွာထုတ်လုပ်‌ပေးနိုင်ရန် မျှော်လင့်ရကြောင်း၊ နိုင်ငံသည်မီသနောလိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို တင်သွင်းနေရကြောင်းနှင့် ထိုစက်ရုံတည်ဆောက်ခြင်းသည် နိုင်ငံခြားငွေကုန်ကျမှုလျော့ချနိုင်ရုံသာမက ကုန်သွယ်ရေးမျှချေရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆောက်လုပ်မှုသည် ဒီဇယ်တင်သွင်းရန် မလိုအပ်စေမည့် အစိုးရ၏ဘိုင်အိုဒီဇယ်ထုတ်လုပ်မည့်အစီအစဉ်ကို ပံ့ပိုးရန်ရည်ရွယ်ကြောင်း သိရပါသည်။ အကယ်၍ သဘာဝပတ်ဝန်းကျင်နှင့်သင့်လျှော်သည့် ဘိုင်အိုဒီဇယ်ထုတ်လုပ်မည့် အစီအစဉ် လာမည့်နှစ်နှစ်အတွင်း အကောင်အထည်ပေါ်ပါက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်စည်း ပေးနိုင်ရန်ကူညီပေးနိုင်မည်ဟုသိရပါသည်။ ဝန်ကြီးက အကယ်၍ B50 ဘိုင်အိုဒီဇယ်ကို ၂၀၂၆ တွင် ထုတ်လုပ်နိုင်ပါက ဒီဇယ်တင်သွင်းရန်မလိုအပ်တော့ကြောင်း ပြောကြားခဲ့ပါသည်။ B50 ဘိုင်အိုဒီဇယ်အကောင်အထည်ဖော်ရေးသည် အဆင့်များလိုအပ်ကြောင်း သိရပါသည်။ အစိုးရ သည် ၂၀၂၅ တွင် B40 ဘိုင်အိုဒီဇယ်ကို ထုတ်လုပ်အသုံးပြုရန် ကြိုးပမ်းမည်ဖြစ်ပြီး ထို့နောက်မှ B50 ဘိုင်အိုဒီဇယ်စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု သိရပါသည်။

Antara News

DOCA(ရန်ကုန်)