ဒုတိယအကြိမ်မြောက် China Supply Chain Expo အား ၃၀.၁၁.၂၀၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး စုစုပေါင်း ယွမ် ၁၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၁၇ ဘီလီယံ) တန်ဖိုး ရှိသော ကုန်သွယ်မှုသဘောတူညီချက်စာချုပ် ၂၁၀ ကျော်နှင့် အကြိုသဘောတူစာချုပ်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သူ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (CCPIT) ၏ အဆိုအရ သိရသည်။ ငါးရက်ကြာ ကုန်စည်ပြပွဲအတွင်း နိုင်ငံနှင့်ဒေသပေါင်း ၇၀ နီးပါးမှ ပြခန်းပေါင်း ၆၀၀ ကျော်သည် အထက်ပိုင်းနှင့် အောက်ပိုင်းထောက်ပံ့သူ ၃၇၀၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူမှ ပြောကြားခဲ့သည်။ ဒုတိယအကြိမ်မြောက် ကုန်စည်ပြပွဲသည် လာရောက်လည်ပတ်သူ ၂၀၀၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ပထမအကြိမ် ပြုလုပ်သည့် ပြပွဲနှင့် နှိုင်းယှဉ်ပါက လာရောက်လည်ပတ်သူ ဦးရေသုံးပုံ တစ်ပုံခန့် တိုးလာခဲ့သည်။ ထောက်ပံ့ရေးကွင်းဆက်များအား အဓိကအာရုံစိုက်သည့် ကမ္ဘာ့ပထမဆုံးသော အမျိုးသားအဆင့် ပြပွဲဖြစ်သောကြောင့် နိုင်ငံစုံမှ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ CCPIT ၏ ဒုတိယဥက္ကဋ္ဌ Zhang Shaogang က ကုန်စည်ပြပွဲသည် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများအတွက် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုများကို ပြသရန်၊ အဓိပ္ပါယ်ရှိသော စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု များတွင် ပါဝင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အမြင်ချင်းဖလှယ်ရန် အလေးပေးပြောကြားခဲ့သည်။ CCPIT သည် စက်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ၏ သဘောတူညီမှုပိုမိုရရှိလာစေရန် ရည်ရွယ်၍ ပြပွဲအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်း၏ လက်လှမ်းမီမှုကို ချဲ့ထွင်ရန် ကတိပြုထား ကြောင်း Zhang Shaogong က ဆက်လက်ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)