ဗီယက်နမ်နှင့်တရုတ်စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်း ကုန်သွယ်မှုမြှင့်တင်ရန်ဖိုရမ်ကျင်းပ

Powered by Drupal

      ဗီယက်နမ်နှင့် တရုတ်အကြား စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်းကုန်သွယ်မှု မြှင့်တင်နိုင်မည့်နည်းလမ်းရှာဖွေရန်အတွက် ဖိုရမ်ကို ဒီဇင်ဘာလ ၃ ရက်နေ့က ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းနယ်စပ် Lang Son ပြည်နယ်တွင် ကျင်းပခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD)နှင့် ပြည်နယ်ပြည်သူ့ ကော်မတီက ပူးပေါင်းကြီးမှူးကျင်းပခဲ့သည့်ထိုဖိုရမ်သည် စီးပွားရေးလုပ်ငန်းများ၊ ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များက နှစ်နိုင်ငံလုံးမှဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် စီမံခန့်ခွဲရေး အေဂျင်စီများအား အဆိုပြုချက်များတင်ပြရန် အခွင့်အလမ်းများကို ဆောင်ယူပေးနိုင်ခဲ့ကြောင်း သိရပါသည်။ MARD ၏ အရည်အသွေး၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သူ Le Thanh Hoa က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်း ပို့ကုန်တင်ပို့ရာ အဓိကဈေးကွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  အပြန်အလှန် ကုန်သွယ်မှုသည် ဗီယက်နမ်၏ ကမ္ဘာပေါ်တွင်စုစုပေါင်းတင်ပို့မှု၏ လေးပုံတစ်ပုံရှိကြောင်း သိရပါသည်။ အပြန်အလှန်အနေဖြင့် ဗီယက်နမ်သည်  တရုတ်၏ ကမ္ဘာပေါ်တွင်အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်များထဲမှတစ်ခုဖြစ်ပြီး အာဆီယံတွင်အကြီးမားဆုံးဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေး-သစ်တော-ငါးလုပ်ငန်းကုန်သွယ်မှုသည် တည်ငြိမ်စွာကြီးထွားလျက်ရှိပြီး ယခုနှစ် ပထမ ၁၁ လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၂ တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်ထံမှ နို့ထွက်ပစ္စည်းစက်ရုံနှင့် ထုတ်ကုန် ၁၁ ခု၊ ငှက်သိုက်လုပ်ငန်း ၉ ခု၊ ရေနေ မျိုးစိတ်၄၈ ခုနှင့် ထုတ်ကုန် ၁၂၈ ခုအား တင်သွင်းခွင့်ပြုထားကြောင်း သိရပါသည်။ ယနေ့ အချိန်ထိ ဗီယက်နမ်ကုမ္ပဏီ ၅၉၆ ခုသည် တရုတ်နိုင်ငံသို့ ရေနေထုတ်ကုန်တင်ပို့ခွင့် လိုင်စင်ရရှိထားကြောင်း သိရပါသည်။ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များကလည်း အစိမ်းရောင်ပဲကိတ်၊ အုန်းသီးသကြားလုံးနှင့် လိုင်ချီးသီးခြောက်ကဲ့သို့သော ဗီယက်နမ်သစ်သီးများနှင့် အခြားထုတ်ကုန် များသည် ၎င်းတို့ နိုင်ငံတွင်လူကြိုက်များကြောင်း ပြောကြားခဲ့ကြပါသည်။ MARD ၏ ဒုတိယဝန်ကြီးဖြစ်သူ Tran Thanh Nam ကလည်း ဆက်လက်၍ နှစ်နိုင်ငံကြား ဘက်ပေါင်းစုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖွဲ့မှုအပေါ် ၎င်းတို့၏ပူးတွဲထုတ်ပြန်ချက်အရ နှစ်ဖက်စလုံးသည် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေး သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus

DOCA(ရန်ကုန်)