ဆန်ဖူလုံရေးအတွက် စပါးစိုက်ဧရိယာအသစ် ဟက်တာ ၂.၃ သန်းအထိ အင်ဒိုနီးရှား တိုးချဲ့မည်

Powered by Drupal

    သမ္မတ Prabowo Subianto က ချမှတ်ထားသည့် ကိုယ်တိုင်စားနပ်ရိက္ခာဖူလုံစေရေး ရည်မှန်းချက်အရ စပါးစိုက်ဧရိယာ ဟက်တာပေါင်း ၂.၃ သန်းကို အသစ်ထပ်မံတိုးချဲ့စိုက်ပျိုးမည် ဖြစ်သည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

    အဆိုပါ အသစ်တိုးချဲ့မည့် စပါးစိုက်ဧရိယာပမာဏတွင် စိမ့်တောမြေများအား စပါးစိုက်ပျိုးနိုင်အောင် ထူထောင်မှုမှ ဟက်တာ ၈၅၁၀၀၀ နှင့် စပါးစိုက်ခင်းအသစ် ဖော်ထုတ်လုပ်ကိုင်မှုမှ ဟက်တာ ၅၀၀၀၀၀ တို့ ပါဝင်မည်ဖြစ်ပြီး လက်ရှိ ထွန်ယက်စိုက်ပျိုးလျက်ရှိသော လယ်မြေများမှ လည်း ဟက်တာ ၁ သန်းကို တိုးချဲ့စိုက်ပျိုးမည်ဖြစ်သည်။ ဝန်ကြီး Sulaiman ၏ ပြောဆိုချက်အရ အဓိကအားဖြင့် ဂျာဗားကျွန်းပေါ်တွင် တည်ရှိသော လက်ရှိစပါးစိုက်ဧရိယာများအနက်မှ ဟက်တာ ၁ သန်းကို ပင်မအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ဆည်ရေပေးဝေမှု ပုံစံတကျလုပ်ဆောင်ခြင်းဖြင့် တောင်သူလယ်သမားများအနေဖြင့် ၁ နှစ်လျှင် စပါးသီးနှံ ၃ ကြိမ် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

   လက်ရှိကာလ၌ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအရှေ့ပိုင်းတွင်၊ ပါပူအာ တောင်ပိုင်းပြည်နယ်ရှိ Merauke ခရိုင် ကဲ့သို့သော ဒေသများ၌ စပါးစိုက်ပျိုးမြေအသစ်များ ဖော်ထုတ်ခြင်းကို လုပ်ဆောင်လျက်ရှိသည်။

    ကိုယ်တိုင်စားနပ်ရိက္ခာဖူလုံစေရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ဆည်မြောင်း အခြေခံအဆောက်အအုံများ အားကောင်းခိုင်မာစေရန်အတွက် ပြည်သူ့လုပ်ငန်းများရေးရာ ဝန်ကြီးဌာနနှင့် အမျိုးသားတပ်မတော်တို့နှင့် စုပေါင်းညှိနှိုင်း ဆောင် ရွက်လျက်ရှိကြောင်း၊ စိမ့်တောမြေများ အဆင့်မြှင့်တင်ခြင်း၊ လယ်မြေအသစ်များ ဖော်ထုတ်ခြင်း နှင့် လက်ရှိစိုက်ပျိုးမြေများ၌ ဆည်ရေပေးဝေမှု နည်းလမ်း ၃ ရပ်ဖြင့် စပါး ၃ သီးစိုက်ပျိုးခြင်းတို့တွင် သက်ဆိုင်ရာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ တိုးတက်လာမည်ဖြစ်ကြောင်း၊ ၎င်းတို့ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်မှာ သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ ကိုယ်ပိုင်ရိက္ခာဖူလုံမှုရရှိရေး စွမ်းဆောင်ရာ၌ အရှိန်မြှင့်တင်လုပ်ကိုင်ရန် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Sulaiman က ပြောဆိုခဲ့သည်။

     အဆိုပါဝန်ကြီးဌာန ၂ ခုနှင့် အမျိုးသားတပ်မတော်တို့သည် ဆည်‌ရေပေးဝေမှုဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းမှု အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၅ ရက်နေ့၌ ဂျကာတာမြို့ရှိ စိုက်ပျိုးရေးဝန်ကြီးရုံး တွင် ကျင်းပခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ အစိုးရအဖွဲ့သစ် စတင်တာဝန် ယူချိန်၌ ကနဦးမိန့်ခွန်းပြောကြားရာတွင် သမ္မတ Prabowo Subianto က ၄ နှစ်မှ ၅ နှစ်တာ ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကိုယ်ပိုင် စားနပ်ရိက္ခာဖူလုံမှုရှိအောင် ဆောင်ရွက်မည် ဟု ပြောကြားခဲ့ကြောင်း Antara News သတင်းဌာနက ဖော်ပြထားသည်။

Source: Antara News, 5 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)