ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇၀၀၀၀၀ တင်ပို့လျက် ဝင်ငွေဒေါ်လာ ၄၄၅ သန်းခန့်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလကုန်အထိ ဆန်တင်ပို့မှုစုစုပေါင်းမှာ တန် ချိန် ၈.၅ သန်းရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၃၁ ဘီလီယံရှိကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ် ဆန်ပို့ကုန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၆၂၇.၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူရှိ ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။
ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဗီယက်နမ်ဆန်သည် လက်ရှိကာလတွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူများအကြား ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု ဗီယက်နမ်စားသောက်ကုန် လုပ်ငန်းအသင်းက ဖော်ပြထားသည်။ အဆိုပါ ဗီယက်နမ်ဆန်၏ ဈေးနှုန်းသည် ဒီဇင်ဘာ ၃ ရက်နေ့ တွင် ၁ တန်လျှင် ၅၁၇ ဒေါ်လာရှိပြီး အလားတူအဆင့်အတန်းရှိသော ထိုင်းဆန်ထက် ၁၈ ဒေါ်လာ၊ ပါကစ္စတန်ဆန်ထက် ၆၄ ဒေါ်လာနှင့် အိန္ဒိယဆန်ထက် ၆၆ ဒေါ်လာ ပိုမိုမြင့်မားလျက်ရှိသည်။
အောက်တိုဘာ ၂၄ ရက်နေ့အထိ စာရင်းများအရ ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်အတွက် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၆.၁ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်း၏နောက် ၌ အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ၁၃.၅ ရာခိုင်နှုန်းနှင့် ၈.၂ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည် နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်၏ ဆန်တင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ဖိလစ်ပိုင်သို့တင်ပို့မှု၌ ၅၉.၁ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားသို့တင်ပို့မှု တွင် ၂၀.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး မလေးရှားသို့ တင်ပို့မှုတန်ဖိုးမှာ ၂.၂ ဆ အထိ တိုး တက်လာခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့မှုမှာမူ ၇၁.၃ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့သည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Phung Duc Tien က ဗီယက်နမ်၏ ဆန်စပါးကဏ္ဍသည် လွန်ခဲ့သော ၁၁ လအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၄.၀၇ ဘီလီယံဖြင့် ၁၄.၆ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ကာလအတွင်း ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့် ဆည်းရန်အတွက် ဗီယက်နမ်ကုမ္ပဏီများ၏ ဆန်အဆင့်အတန်း အမျိုးမျိုးကို ပြည်ပမှ တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၁.၂၄ ဘီလီယံ ရှိခဲ့သည်။
ဆန်လုပ်ငန်းကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များ၏ ရှင်းလင်းပြောဆိုမှုအရ ဗီယက်နမ်၏ ဆန်တင်ပို့ကုန် ဈေးနှုန်းများမှာ အခြားပြိုင်ဘက်နိုင်ငံများထက် သိသာစွာ မြင့်မားမှုရှိကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့်ဆန်ကို ပြည်ပသို့ ဦးစားပေးတင်ပို့နေချိန်တွင် ဆန်ခေါက်ဆွဲနှင့် အခြား သော ဆန်အခြေခံထုတ်ကုန်များ ထုတ်လုပ်မှုအတွက် အဆင့်အတန်းနိမ့်သည့် ဆန်များအား ပြည်ပမှ ပြန်လည်တင်သွင်းခြင်းက ထုတ်လုပ်မှုစရိတ် ပိုမိုသက်သာမှုရှိကြောင်း သိရသည်။
ဗီယက်နမ်အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး အရည်အသွေးမြင့်မားသည့် တန်ဖိုး မြင့်ဆန်များ စိုက်ပျိုးထုတ်လုပ်ခြင်းသို့ ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် ဗီယက်နမ်စပါးမျိုးကွဲများ၏ ၉၅ ရာခိုင်နှုန်းခန့်သည် အရည်အသွေးမြင့်မားသည့် အဆင့်ရှိကြောင်း၊ ဆန်ကြိတ်ခွဲထုတ်လုပ်မှု၏ ၈၉ ရာခိုင်နှုန်းခန့်သည် အရည်အသွေးမြင့်မားသော တန်းမြင့်ဆန်များ ဖြစ်ကြောင်း၊ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးပြီး အရည်သွေးမြင့်သော ဆန်စပါးစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၁ သန်း စီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ဗီယက်နမ်၏ ဆန်စပါး ကဏ္ဍတန်ဖိုးမှာ မြင့်တက်လာမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်၌ ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်မှုအားသာချက် ကို ခိုင်မာစေမည်ဖြစ်ကြောင်းဖြင့် ဒုတိယဝန်ကြီး Phung Duc Tien က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ ဆန်တင်ပို့မှုကို ပြန်လည်စတင်လုပ်ဆောင်ခဲ့ပြီဖြစ်သော်လည်း ဗီယက်နမ်ဆန်၏ ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ ကျဆင်းမှုမရှိပဲ ၁ တန်လျှင် ၆၂၇ ဒေါ်လာနှုန်းဖြင့် ဆက်လက်တည်ငြိမ်မှုရရှိနေသည်ဟု Vietnamnet သတင်းဌာနက ဖော်ပြထားပါသည်။
Source: Vietnamnet Global, 6 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)