တရုတ်နှင့် ဥရောပတွင် ဈေးကွက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် Ford ကားကုမ္ပဏီသည် လျှပ်စစ်မော်တော်ယာဉ်များအတွက် ကြီးမားသည့်ဈေးကွက်အလားအလာရှိသည့် အင်ဒိုနီးရှားတွင် ဈေးကွက်တိုးချဲ့ရန်စီစဉ်နေကြောင်းသိရပါသည်။ Ford သည် ကမ္ဘာ့အကြီး မားဆုံးနီကယ် ထုတ်လုပ်သည့်အင်ဒိုနီးရှားရှိ ၎င်းတို့၏အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တန်ကြေးရှိသော နီကယ်ပြုပြင်ထုတ်လုပ်သည့်စက်ရုံအနီးတွင် လျှပ်စစ်မော်တော်ယာဉ် စက်ရုံ တည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံမည်ဟုသိရပါသည်။ Ford သည် ထိုအကြောင်းနှင့် ပတ်သတ်၍ တရားဝင်အတည်ပြုချက်မပြုသေးသော်လည်း အင်ဒိုနီးရှား အစိုးရသည် Volkswagen Group နှင့် Ford ပါဝင်သော ကမ္ဘာ့ကားထုတ်လုပ်သူများနှင့် ပြောဆိုဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရပါသည်။ Ford သည် လတ်တလောတွင် ဥရောပ၌အလုပ်အကိုင်များလျှော့ချနေပြီး တရုတ်တွင်လည်း ဈေးကွက်ဝေစုများဆုံးရှုံးလျှက်ရှိသော်လည်း အင်ဒိုနီးရှားအား အလားအလာ ရှိသောဈေးကွက်အဖြစ် ရှုမြင်ထားကြောင်းသိရပါသည်။ ၎င်းတို့သည် အင်ဒိုနီးရှားဈေးကွက်သို့ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံအခြေစိုက် RMA Group နှင့်မိတ်ဖက်ဖွဲ့ကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုအခါ ထိုင်းထုတ်Ranger Pickup ထရပ်ကားများနှင့် Everest SUV များကို ရောင်းချလျှက်ရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားသည် လျှပ်စစ်မော်တော်ယာဉ်ကို အာရုံစိုက် နေခြင်းမှာ နိုင်ငံ၏ပေါကြွယ်ဝသောနီကယ်အရင်းအမြစ်များ အပြည့်အဝ အသုံးချရန်နှင့် ကြီးမားပြီးငယ်ရွယ်သော လုပ်သားထုအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်စသည့် အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်ကြောင်းသိရပါသည်။ နိုင်ငံသည် ၎င်းတို့၏ဈေးကွက် အရွယ်အစားနှင့် တောင်အာရှဈေးကွက်သို့ရောင်းချရန် အချက်အချာနေရာ အဖြစ်အသုံးချနိုင်သည့် ဗျူဟာမြောက်တည်နေရာတို့ဖြင့် ကားထုတ်လုပ်သူများအား နိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် လျှက်ရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့စုစုပေါင်းနီကယ်ထုတ်လုပ်မှု ပမာဏ၏ ၂၀.၆ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်းသိရပါသည်။ ဂျကာတာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပွဲအခမ်းအနားတစ်ခုတွင် စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး Faisol Riza က Ford သည်နိုင်ငံ၌ ၂၀၂၅ တွင် စက်ရုံ တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြုရေးအတွက် လက်တွေ့အကောင်အထည် ဖော်ရန် ကတိပြုခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် Ford သည် ကမ္ဘာ့အင်အားကြီး သတ္တု တူးဖော်သူ Vale နှင့် တရုတ်၏ Zhejiang Huayou ကိုဗော့ကုမ္ပဏီတို့နှင့် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ၂၀၂၆ တွင် လုပ်ငန်းစတင်လည်ပတ်ရန်မျှော်လင့်ရသည့် နီကယ်ပြုပြင် ထုတ်လုပ်ခြင်းစီမံကိန်းတွင် ပူးပေါင်းခဲ့ကြောင်းသိရပါသည်။ ထိုသတ္တုတူးဖော်ခြင်းလုပ်ငန်း သည် လျှပ်စစ်မော်တော်ယာဉ်ဘက်ထရီ cathode များအတွက် တစ်နှစ်လျှင် နီကယ်ထုတ်ကုန် တန် ၁၂၀၀၀၀ ထုတ်လုပ်ရန်မျှော်လင့်ရကြောင်း သိရှိရပါသည်။
Electrek
DOCA(ရန်ကုန်)